ကန်ပက်လက်-ကျင်ဒွေးဘက်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

ကန်ပက်လက်-ကျင်ဒွေးဘက်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

ချင်းပြည်နယ်၊ ကန်ပက်လက်-ကျင်ဒွေးဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဦးတည်ထိုးစစ်ဆင်လာနိုင်ချေရှိသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် ကန်ပက်လက်မြို့  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျောက်ထုအမြှောက်တပ်မှ ထွက်လာသော အင်အား (၂၀၀)ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် လောင်းရှည်ဘက်သို့ ရောက်ရှိနေသည့် အင်အား(၄၀၀)ခန့်ရှိသော စစ်ကြောင်း (၂)ကြောင်းသည် ကန်ပက်လက်-ကျင်ဒွေးဘက်သို့ ဦးတည်လာနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မြေပြင်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နိုင်သည့်အတွက် ယင်းလမ်းကြောင်းပေါ်နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေကို သတိပြုကြရန်လည်း တိုက်တွန်းထားသည်။

"ဟုတ်ကဲ့လောလောဆယ်တော့ တိုက်ပွဲတော့မဖြစ်သေးဘူး။အသင့် နေရာယူ စောင့်ကြည့်နေတဲ့အနေအထားပဲ ရှိပါသေးတယ်။ ကျင်ဒွေးကတော့ ကန်ပက်လက်အနေနဲ့ဆို စကစရဲ့ နောက်ဆုံးခံတပ်သဘောမျိုး ခြေကုပ်ယူထားတဲ့ နေရာဆိုတော့ အခုအဲဒီအထိ ရောက်အောင် ရိက္ခာဖြည့်တာမျိုးလို့တော့ ခန့်မှန်းထားပါတယ်။"ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ သတိ‌ပေးချက်၊ တားမြစ်ချက်များအား လိုက်နာဆောင် ရွက်သွားကြရန်လည်း အသိပေးအကြောင်းကြားထားသည်။

ကန်ပက်လက်မြို့တွင် ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယခု ဇူလိုင်လ(၁၃)ရက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

ယနေ့ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် မကွေးတိုင်းအတွင်းရှိ ဆော-ကျောက် ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါလမ်းပိုင်းအတွင်း သွားလာသူများအ‌နေဖြင့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များထံ အကြောင်းမကြားဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူနိုင်မည် မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့က စစ်ကောင်စီတပ်၏ ထောက်ပို့စစ်ယာဉ်တန်းများသည် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိလာခဲ့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency