တန့်ဆည်တွင် စစ်ကောင်စီတပ်က နေအိမ် ၅၆ လုံးမီးရှို့၊ စပါးတင်းရေသောင်းချီဆုံးရှုံးပြီး ရပ်ကျေး ပကဖ၊ ပအဖ တာဝန်ခံနှစ်ဦးအပါ အရပ်သား ၁၁ ဦးသတ်ခံရ

တန့်ဆည်တွင် စစ်ကောင်စီတပ်က နေအိမ် ၅၆ လုံးမီးရှို့၊ စပါးတင်းရေသောင်းချီဆုံးရှုံးပြီး ရပ်ကျေး ပကဖ၊ ပအဖ တာဝန်ခံနှစ်ဦးအပါ အရပ်သား ၁၁ ဦးသတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ကို (၁၂)ရက်ကြာ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်က ကျေးရွာ(၉)ရွာမှ နေအိမ်(၅၆)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း တန့်ဆည်ဇာမဏီ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ကံထူးမကျေးရွာအနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ စစ်ကြောင်းထိုးကာ နေအိမ်(၅၆)လုံးကို (၁၃)ကြိမ် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးခြင်းကြောင့် သီးနှံများသိမ်းဆည်းပြီးစီးအချိန်ကာလဖြစ်သဖြင့် ပဲမျိုးစုံ၊ မြေပဲ၊ စားသုံးမြေပဲဆီနှင့်  စပါးအတင်းရေပေါင်းသောင်းနှင့်ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရကာ ကျွဲ၊ နွားများကိုပါ စစ်ကောင်စီတပ်က သတ်ဖြတ်စားသောက်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသည့် (၁၂)ရက်အတွင်း ကျေးရွာများမှ ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦးနှင့်အရပ်သား (၁၁)ဦးကို ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၁)ရက်နေ့က တန့်ဆည်အနောက်ခြမ်း ကံထူးမရွာရဲစခန်းကို တော်လှန်ရေးတပ်များပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရေဦးနယ်အတွင်းသို့ ဝင်လာသော ခလရ(၁၁)၊ ခမရ (၇၀၈)တပ်များသည် ကန့်ဘလူနယ်ဘက်မှ ဝင်လာသည့် ၅၅၀ ဆရာတော် အမည်ခံ သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီး(ပြည်သူ့စစ်)တပ်များနှင့် ပေါင်းကာ ကံထူးမရွာကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာပြီးနောက် ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦးနှင့် ဒေသခံ (၉)ဦးကို အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်သွားခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ဆူးပါကုန်းကျေးရွာမှ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီလ(၁၉)ရက်နေ့က ဖမ်းဆီးလာပြီးနောက် သတ်ဖြတ်ခဲ့ကာ ဝရငယ်ကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ထပ်သတ်ပြီး ခနောရွာသစ်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ် ရပ်ကျေး ပကဖတာဝန်ခံနှင့် ရပ်ကျေး ပအဖ တာဝန်ခံ(၂)ဦးကို  ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။ 

ထို့နောက် ရွာသစ်ကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို မတ်လ(၁)ရက်နေ့တွင် သတ်ထားခဲ့ပြီး  ယင်းနေ့တွင်ပင် ကံထူးမရွာရဲစခန်းအတွင်း ချုပ်နှောင်ထားသည့် အသက်(၃၀)အရွယ်နှင့် အသက်(၄၀)အရွယ် အချုပ်သား အမျိုးသား(၂)ဦးကိုလည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ထပ်မံ၍ အင်ပင်အိုင်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇီးပေါက်ရွာမှ အသက်(၅၀)ခန့်အရွယ် အမျိုးသား(၂)ဦး၊ ပန်းထိမ်ကုန်းရွာမှ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကိုလည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းများသည် မတ်လ(၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခင်းကြီး၊ ခရမ်းခြံ၊ သာယာကုန်း၊ အင်တံခါးရွာများမှတဆင့် တန့်ဆည်မြို့တွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၁)ရက်မှစတင်ကာ မတ်လ(၃)ရက်နေ့အထိ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်(၃)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: တန့်ဆည် ဇာမဏီ