မူဆယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA ဝင်တိုက်

မူဆယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA ဝင်တိုက်
စက်တင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တာလုံအနီးတွင် ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်း ပြည်သူ့စစ်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAထံမှ သိရသည်။

နမ်ပေါ်မှ (၁၀၅)မိုင်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ စကခ (၁၆)၊ ခလရ (၂၄၁)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စစ်ကြောင်းနှင့် တာလုံအနီးတွင် TNLAနှင့် ယင်းနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းနေ့ နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းအား TNLAမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။  

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့၏ နမ့်ဖက်ကာ (၁၂၃)တပ်မှ လွယ်ကန်၊ လွယ်မော့သို့ လက်နက်ကြီးဖြင့် (၁၇)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၅)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းယုလေးကျေးရွာကို လက်နက်ကြီးဖြင့် အကြိမ်(၂၀)ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ်(၁၂)လုံး၊ ကားအချို့နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း (၃၄)ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency