အုတ်ဖိုမြို့နယ်အတွင်းတိုက်ပွဲမှ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ရရှိဒဏ်ရာများဖြင့် သေဆုံး

အုတ်ဖိုမြို့နယ်အတွင်းတိုက်ပွဲမှ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ရရှိဒဏ်ရာများဖြင့် သေဆုံး
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း တိုက်ပွဲမှ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ရရှိဒဏ်ရာများဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့က ပဲခူးရိုးမအတွင်းရှိ မင်းလှဆည် ရှင်းလင်းဆောင်စခန်းအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ရရှိမှုအတွင်း ဖမ်းဆီးရမိသည့် ကပစ(၃)မှ ဒုတပ်ကြပ် ဇင်အောင်သည် ဖမ်းဆီးစဉ်က ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးသွားသဖြင့် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

ဒုတပ်ကြပ် ဇင်အောင်သည်  ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်းအား ပစ်ခတ်သတ်ဖြတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်သော်လည်း ဖမ်းဆီးရမိထားစဥ်အတွင်း စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ထိန်းသိန်းစောင့်ရှောက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး CDMပြုလုပ်ကြရန်နှင့် CDMပြုလုပ်ရန် အခက်အခဲရှိပါကလည်း တိုက်ပွဲအတွင်း လက်နက်ချ အလံဖြူထောင်ကြရန် အသိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency