စစ်ဒေသ(၃)ခုတွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် တည်ဆောက်ထားနိုင်ပြီး EAOs များနှင့်အတူ တိုက်ပွဲဝင်နေသည်ဟု ယာယီသမ္မတပြော

စစ်ဒေသ(၃)ခုတွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် တည်ဆောက်ထားနိုင်ပြီး EAOs များနှင့်အတူ တိုက်ပွဲဝင်နေသည်ဟု ယာယီသမ္မတပြော
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ဒေသ(၃)ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၀၀)ကျော်ကို စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အင်အားစုများနှင့် အတူလက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင်ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ 

ထို့အပြင် တပ်ရင်းအဖြစ် အသိအမှတ်ပြုရန် စိစစ်နေသည့်တပ်ရင်း(၆၈)ရင်းရှိကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များကို မြို့နယ်ပေါင်း(၂၅၀)ကျော်တွင် ဖွဲ့စည်းထားနိုင်ခဲ့ပြီး ပြည်နယ်(၅)ခုတွင် တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့(၂၂)ဖွဲ့  ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ဟု သိရသည်။ 

“လက်လုပ်တူမီးသေနက်တွေနဲ့ စတင်ခဲ့ပေမယ့် အခုအချိန်မှာတော့ မဟာဗျူဟာကျကျ တပ်ရင်း၊ တပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လာနိုင်ပြီဖြစ်ပါတယ်။ ထို့ထူ G-z လို့ခေါ်တဲ့ လူငယ်များ၊ နည်းပညာရှင်များရဲ့ ဆန်းစစ်တီထွင်မှုများကြောင့် နည်းပညာဖြင့် ဒရုန်းများကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ခြေမှုန်းနေနိုင်ပြီဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ 

ပြန့်ကြဲနေသည့် တော်လှန်ရေးအင်အားစုများကို အမိန့်ပေးကွပ်ကဲမှုစနစ်တစ်ခုတည်းအောက်တွင် ရောက်ရှိရန် ကြိုးစားခဲ့ပြီး လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများအတွက် အခြေခံစစ်သင်တန်း၊ အကြပ်အဆင့် စစ်သင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါ၊ ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ဆေးတပ်ဖွဲ့သင်တန်း၊ စစ်ဦးစီးသင်တန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာအဆင့်သင်တန်း၊ PDF အရာရှိအဆင့်(တပ်ခွဲမှူး)သင်တန်းများကို နိုင်ငံနှင့်အဝှမ်းတွင် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် လေ့ကျင့်သင်းကြားနိုင်ခဲ့သည်ဟု သိရသည်။

(၂)နှစ်အတွင်း လက်နက်ငယ်၊ ဒရုန်း၊ လေယာဉ်ပစ်စက်လက်နက်ကြီးများကို စစ်ရေးဆိုင်ရာ မဟာဗျူဟာနှင့်အညီ ဒေသအလိုက် အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ကာ တိုက်ပွဲပေါင်း(၉၉၀၀)ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် NUG ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှုစသည့် ကဏ္ဍများကိုလည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီဖြစ်ကာ တစ်ဖက်တွင်လည်း စစ်ပွဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်နက်ခဲယမ်းများ ကိုယ်တိုင်ထုတ်လုပ်လာနိုင်ခြင်းမှာလည်း တော်လှန်ရေးအတွက် အရေးပါသည်ဟု ယာယီသမ္မတက ပြောသည်။

#TachileikNewsAgency