စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စခန်း ၃ ခုနှင့် အကျဉ်းစခန်း ၂ ခုရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ အလင်းဝင်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စခန်း ၃ ခုနှင့် အကျဉ်းစခန်း ၂ ခုရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ အလင်းဝင်
နိုဝင်ဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲစခန်းများကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းလက်တွဲလျက် တပြိုက်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ

စခန်း(၃)ခုအား သိမ်းပိုက်နိုင်ခဲ့ကာ အကျဉ်းစခန်း(၂)ခုကို စီးနင်းနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

နိုဝင်ဘာလ (၂)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင် တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၃)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း (၁)၊ တမူးခရိုင် တပ်ရင်း (၂)၊ အထူးလှုပ်ရှားတပ်ရင်း (၂)နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း (၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်တို့ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း (၁)၊ (၂)တို့ကို အထူးလှုပ်ရှားတပ်ရင်း (၂)က ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကျဉ်းစခန်း (၁)မှ စစ်ကောင်စီခန့် ရဲနှင့် ဝန်ထမ်း (၂၀)ဦးတို့ ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့သည်ဟု သိရသည်။

နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄) စစ်လက်နက် ပစ္စည်းတပ်စုတို့ကိုလည်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Droneအဖွဲ့တို့က  Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကိုလည်း ကောလင်းခရိုင် ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်းမြို့နယ် ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင်  Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြင်ဦးလွင်ရပ်ကွက်ရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ဝန်းသိုမြို့နယ်တွင်လည်း မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော ရန်သူ့တပ်ဖွဲ့များကို ကောလင်းခရိုင် တပ်ရင်း (၄)၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကိုလည်း ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ် ပကဖတို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းအား ဂန့်ဂေါခရိုင်တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ (၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency