အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF တပ်များဝင်တိုက်၊ စစ်ကောင်စီတပ်သားအများအပြားသေကာ ဒုတပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိ

အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF တပ်များဝင်တိုက်၊ စစ်ကောင်စီတပ်သားအများအပြားသေကာ ဒုတပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 12, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍ နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းနေရာနှစ်ခုအား တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးသည်ဟု သိရသည်။

ရှင်းလင်းဆောင်စခန်းအား တိုက်ခိုက်မှုတွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်း ကျဆုံးကာ စစ်ကောင်စီတပ်သား(၁၂)ဦးသေပြီး ကပစ(၃)မှ ဒုတပ်ကြပ်တစ်ဦးကို MA3 သေနတ်တစ်လက်နက်နှင့်အတူ ဖမ်းဆီးရမိသည်ဟု သိရသည်။

ကျန်ရှိစစ်ကောင်စီတပ်သားများမှာ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားသဖြင့် ရှင်းလင်းဆောင်စခန်းအား ပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅