ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ KIA ပူးပေါင်း PDF တပ်များရှိရာနေရာသို့ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးလာရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က အင်အား(၈၀)ဝန်းကျင်ဖြင့် KIA၊ PDF ပူးပေါင်းတပ်များရှိနေသည့် နေရာကို လာရောက်ဝိုင်းခြင်းဖြစ်ပြီး ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်များက ဒေသခံ (၁၀)ဦးကို ဖမ်းဆီးကာ တပ်ဆုတ်သွားကြောင်း သိရသည်။ 

"ကျွန်တော်တို့ KIA၊ PDFတွေရှိတဲ့ ဟောင်းပါးရွာကနေရာကို သူတို့က လာပြီးတော့ တိုက်တာပေါ့။ တိုက်ပွဲက နာရီဝက်လောက်ပဲ ကြာတယ်။ အခုတော့ ကျွန်တော်တို့ အဲဒီနေရာကို ပြန်ရပြီ။"ဟု ဖားကန့် KPDFတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

ဟောင်ပါးကျေးရွာရှိ မြောက်ကျောင်းဟုခေါ်သော ဘုန်းကြီးကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဆိုသည်။  

"သူတို့ဆီကနေ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခဲ့တာ မရှိပါဘူး။ ဒါပေမယ့် သူတို့ဘက်က (၄)ယောက်လောက်တော့ ထိသွားတယ်။ အကျအဆုံးတော့ မသိဘူး။"ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် တိုက်ပွဲလည်း ငြိမ်သက်နေပြီဖြစ်ကာ တိုက်ပွဲအတွင်း KIA၊ PDF ပူးပေါင်းတပ်များ ခေတ္တ ဆုတ်ခွာပေးလိုက်ရချိန်တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်မွှေနှောက်ကာ ပစ္စတိုတစ်လက်၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့် အသုံးအဆောင်တစ်ချို့ကို ယူဆောင်သွားကြောင်း သိရသည်။

"မီးရှို့ဖျက်ဆီးတာတော့ မရှိခဲ့ဘူး။ ကားထဲမှာကျန်ခဲ့တဲ့ ပစ္စတိုတစ်လက် ယူသွားတယ်။ ဒေသခံ(၁၀)ယောက်ကိုလည်း လူသားဒိုင်းလုပ်သွားတာ။ မနက်က ချက်ချင်း သူတို့လိုတဲ့နေရာအရောက်မှာ ပြန်လွှတ်ပေးလိုက်ပြီ။"ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်သူများလည်း ရှိသည့်အပြင် ရွာအတွင်း၌ ကျန်ခဲ့သူများလည်းရှိသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဟောင်းပါး၊ တာမခံမှ ဖားကန့်သွားရာ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ဖားကန့်မြို့အထွက်ကိုလည်း လမ်းပိတ်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၇)ရက်နေ့ကလည်း နမ့်မှော်-တာမခန် သွားသည့်လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကသိုင်းတောင် တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

#TachileikNewsAgency