ဆီဆိုင်တိုက်ပွဲအတွင်း ပြည်သူ့စစ်နှစ်ဦးကို အရှင်မိ၊ စစ်ကောင်စီတပ်သား ၆ ဦးသေကာ လက်နက်ခဲယမ်းတချို့ရဟု PNLA ထုတ်ပြန်

ဆီဆိုင်တိုက်ပွဲအတွင်း ပြည်သူ့စစ်နှစ်ဦးကို အရှင်မိ၊ စစ်ကောင်စီတပ်သား ၆ ဦးသေကာ လက်နက်ခဲယမ်းတချို့ရဟု PNLA ထုတ်ပြန်
ဖေဖော်ဝါရီ 7, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့စစ်(၂)ဦးကို ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထံမှ သိရသည်။

ယမန်နေ့က ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသည့် PNLA လုံခြုံရေးတပ်ဖွဲ့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်များက ဆီဆိုင်မြို့နယ် တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများသည် လွယ်ပွတ်ကျေးရွာအတွင်းသို့ ဝင်ပြေးကာ ဒေသခံပြည်သူများ၏ မော်တော်ယာဉ်များကို အဓမ္မ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်အား PNLAမှ ဝိုင်းဝန်းဖမ်းဆီးရာ ပြည်သူ့စစ်(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သဖြင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဆီဆိုင်မြို့မြောက်ဘက်တနေရာတွင်လည်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း(၆)လောင်းနှင့် လက်နက်(၅)လက်ကို သိမ်းဆည်းရရှိခဲ့သည့်အပြင် ခမရ(၄၂၃)အနီးတွင် ရေဆင်းခပ်သည့် စစ်ကောင်စီတပ်သားများ ၎င်းတို့ကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုနင်းမိပြီး(၂)ဦးသေကာ (၆)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆီဆိုင်မြို့ကို ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

ဒေသတွင်း လုံခြုံရေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် PNLAစစ်ကြောင်းကို တွေ့မြင်ပါက လူမှုကွန်ယက် အွန်လိုင်းပေါ်တင်ခြင်းများ မပြုလုပ်ကြရန်နှင့် ယင်းသို့တင်ပါက စစ်ကြောင်းလှုပ်ရှားရာဒေသအတွင်းရှိ ကျေးရွာများ၊ မြို့များကို စစ်ကောင်စီနှင့် အပေါင်းအပါများက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခတ်ခြင်းကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများ ဖြစ်နိုင်သဖြင့် မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News&Info