ဆားလင်းကြီးနှင့် မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ ဝင်တိုက်

ဆားလင်းကြီးနှင့် မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ ဝင်တိုက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးနှင့် မုံရွာမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်(၇)ဖွဲ့ စုပေါင်း၍ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာများအား တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့အတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာနှင့် အမှတ်(၁၆)တပ်ရင်းတို့ကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်း၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Golden Eagle Force-Monwyaတပ်ဖွဲ့

ကဆိုသည်။

"ပူးပေါင်းတပ်တွေက ဆားလင်းကြီးမြို့နယ် ထွေအုပ်ရုံးအနီး ကန်ဦးဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်တိုက်ခဲ့တာဗျ။ တခြားအဖွဲ့တွေကလည်း အဲဒီအချိန်မှာ တခြားနေရာကို ဝင်တိုက်တာတွေလည်းရှိပါသေးတယ်။ မြို့တွင်းပိုင်းမှာပေါ့။ ကျွန်တော်တို့ဆီကို စစ်ကူမလာနိုင်အောင် ကြားဖြတ်လှုပ်ရှားပေးကြတာ။"ဟု Golden Eagle Force-Monwya တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်မှုမှာ (၁)နာရီခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်များ ခဲယမ်းလိုအပ်ချက်များကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးရဲဘော်(၄)ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"တိုက်ပွဲဖြစ်ပြီး အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေတော့ရှိပါတယ်။ အရပ်သား ထိခိုက်တာတော့ မရှိခဲ့ဘူး။"ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် မုံရွာမြို့ရှိ နတ်လူထိပ္ပန်ရပ်ကွက်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာ-မန္တလေးလမ်း စက်မှုဇုန်အနီး အထက်‌တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ (၁၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ အမှတ် (၁၆)တပ်ရင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆားလင်းကြိးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မှုတွင် Golden Eagle Force Monywa၊ မိုးကြိုးကျည်ဆံပြောက်ကျားတပ်ဖွဲ့

၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Brama Liberation Democatic Front-BLDF၊ Salingyi Revolution Army -SRA၊ ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုတို့ပါဝင်သည်။

#TachileikNewsAgency