ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ 

ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ 

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာမှ နေအိမ်(၈)လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးကာ ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးရှို့ခဲ့ခြင်းဖြစ်ကာ နေ့လယ်ပိုင်းအထိ နေအိမ်များ မီးလောင်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်နေ့မှစတင်ပြီး ဒီးမော့ဆိုမှ ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များသည် ထီးပေါ်ဆိုကျေးရွာအနီး၌ တပ်စွဲရန်လုပ်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းထိုးလာရာ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာနေအိမ်များအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများလည်း လုပ်ဆောင်နေသည်ဟု KNDF တပ်ရင်း(၁၅)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency