ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၄၂၄) တပ်ရင်းကို သိမ်းထားပြီဟု PNLA ထုတ်ပြန်

ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၄၂၄) တပ်ရင်းကို သိမ်းထားပြီဟု PNLA ထုတ်ပြန်
ဇန်နဝါရီ 27, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၄၂၄) တပ်ရင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း PNLAက သတင်းထုတ်ပြန်သည်။

ယမန်နေ့က စစ်ကောင်စီတပ်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ် ပူးပေါင်းအင်အား(၁၅၀)ဝန်းကျင်သည် ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ်အလောင်းတစ်လောင်းနှင့် လက်နက်တစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့နှင့် ကျေးရွာများကို တစ်နေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးထိခိုက်မှုရှိခဲ့ရသည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်းမပြုလိုခြင်းကြောင့် တပ်တည်ရှိသည့် နေရာသို့မလာရန်၊ စစ်ကောင်စီတပ်နှင့် ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေး ညှိနှိုင်းသော်လည်း လက်မခံပဲ လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်းထားသည်။

#TachileikNewsAgency