သာစည်မြို့က CDM မီးရထားဝန်ထမ်းတစ်ဦး အောင်ပန်းမြို့ရှိ မီးရထားအိမ်ရာတွင် ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေ

သာစည်မြို့က CDM မီးရထားဝန်ထမ်းတစ်ဦး အောင်ပန်းမြို့ရှိ မီးရထားအိမ်ရာတွင် ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေ
နိုဝင်ဘာ 18, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ မီးရထားဝန်ထမ်းအိမ်ရာတွင် သာစည်မြို့မှ လာရောက်နေထိုင်သည့် CDM မီးရထား ဝန်ထမ်းတစ်ဦး  ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ  သာစည်မြို့ မြန်မာ့မီးရထားစက်ခေါင်းရုံ၏ လျှပ်စစ်ဌာနမှ အလုပ်ထိန်း ဦးမျိုးဇော်(ကျန်ကျောင်း)ဖြစ်ပြီး ၎င်းအား အောင်ပန်းမြို့ရှိ မီးရထားအိမ်ရာတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ ည(၈)နာရီ ဝန်းကျင်အချိန်က အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ ရဲများက ကား(၅)စီးဖြင့် လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့ အချိန်အထိ ၎င်းနှင့်ပတ်သက် အဆက်အသွယ်မရသေးကြောင်း သိရသည်။

တစ်အိမ်လုံးလည်းရှာဖွေတယ်။ ဖုန်းတွေလည်း သိမ်းသွားတယ်။ အခုထိ အခြေအနေ မသိရသေးဘူး။

ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ပြောသည်။

ဖမ်းဆီးခံရသူသည် ယခင်က အောင်ပန်းမြို့၏ မီးရထားဝန်ထမ်းတစ်ဦးဖြစ်ပြီး သာစည်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီးနောက်တွင် CDM လုပ်ဆောင်ထားသူဖြစ်ကာ အောင်ပန်းမြို့  မီးရထားဝန်ထမ်းအိမ်ရာရှိ အဆောင်ဟောင်းတွင် ပြန်လာပြီး နေထိုင်ရာမှ ဖမ်းဆီးခံရသူ ဖြစ်သည်ဟု သိရသည်။