ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကို ညီနောင် ၃ဖွဲ့ သိမ်းပိုက်ရာ တပ်မိသားစုဝင်ရာချီ လားရှိုးကိုထွက်ပြေး၊ ကွတ်ခိုင်ဒေသခံများ နေရပ်ပြန်နိုင်ပြီ

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကို ညီနောင် ၃ဖွဲ့ သိမ်းပိုက်ရာ တပ်မိသားစုဝင်ရာချီ လားရှိုးကိုထွက်ပြေး၊ ကွတ်ခိုင်ဒေသခံများ နေရပ်ပြန်နိုင်ပြီ
ဇန်နဝါရီ 10, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကို ညီနောင်မဟာမိတ်တပ်များတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မိသားစုဝင်များ လားရှိုးမြို့ကို ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

လားရှိုးသို့ ထွက်ပြေးရသည့် စစ်ကောင်စီတပ်မိသားစုဝင်များမှာ ရာချီရှိပြီး ညီနောင်မဟာမိတ်များနှင့် သဘောတူညီချက်အရ ကွတ်ခိုင်ဗျူဟာတစ်ခုလုံးလက်နက်ချကာ ထွက်ပြေးခြင်းဖြစ်သည်ဟုလည်း ဒေသခံများက Tachileik News Agencyကိုပြောသည်။ 

ကွတ်ခိုင်ဗျူဟာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် အပြီးသတ်သိမ်းနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် အသေးစိတ်အချက်အလက်ကိုမူ သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိပါ။

“အပြီးသတ်သိမ်းတာကတော့ ဟိုနေ့(ဇန်နဝါရီလ ၇)ကတည်းကပါ။ ကွတ်ခိုင်မှာ စစ်ကောင်စီတပ်စခန်းတွေ မကျန်တော့ဘူး။ မြို့ကိုလည်း ထိန်းချုပ်ထားတဲ့အခြေအနေပါ။ စစ်ကောင်စီတပ် မိသားစုဝင်တွေ လားရှိုးကိုပြေးတယ်ဆိုတာလည်း ဟုတ်တယ်။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ကွတ်ခိုင်ဗျူဟာကို TNLAတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာပြီးနောက် ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်စခန်းများမကျန်တော့သဖြင့် မြို့ကိုလည်း TNLAက သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိတွင် မြိုအတွင်းရှိ လက်နက်အကြွင်းအကျန်များကို TNLAက ရှင်းလင်းရေးလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး လားရှိုးဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများမှာ သတင်းအချက်အလက် မရရှိခြင်းကြောင့် ပြန်မလာနိုင်ကြသေးဘဲ ကွတ်ခိုင်မြို့အနီးသို့ တိမ်းရှောင်နေကြသူများမှာ ပြန်လာနေပြီဟု သိရသည်။

“တပ်ဖွဲ့ဝင်တွေကလည်း လမ်းမှာ စစ်ဆေးရေးတင်းကြပ်တာတွေ၊ ဘာတွေမရှိဘူးပေါ့။ မြို့အဝင်အထွက်ကို ခွင့်ပြုထားတဲ့ သဘောရှိတာပေါ့။ ကွတ်ခိုင်မြို့ကတော့ ဒီစစ်ဆင်ရေးထဲမှာ မြို့သိမ်းတိုက်ပွဲထဲမှာ ထိခိုက်ပျက်စီးမှုထဲမှာ အနည်းဆုံးဘဲ ဖြစ်ခဲ့တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့ကို MNDAAက သိမ်းပိုက်ရာ ဗိုလ်မှူးချုပ်(၆)ဦး အပါအဝင် ဒကစလောက်ကိုင်တစ်ခုလုံး လက်နက်ချသဖြင့် ၎င်းတို့ကို လားရှိုးသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

အဆိုပါ ဗိုလ်မှူးချုပ် (၆)ဦးအနက် အမှတ် (၁၆)ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးသည် Tachileik News Agency ကို ပုဒ်မ ၅၀၅ တပ်ကာ ဖမ်းဝရမ်းထုတ်ခြင်းအပြင် ရုံးနှင့် နေအိမ်များကို စီးနင်းရန် အမိန့်ပေးခဲ့သူဖြစ်သည်။

#TachileikNewsAgency

Photo: CJ