နမ္မတူမြို့ကို သိမ်းစဉ် သိမ်းဆည်းရရှိလက်နက်ခဲယမ်းများကို TNLAထုတ်ပြန် 

နမ္မတူမြို့ကို သိမ်းစဉ် သိမ်းဆည်းရရှိလက်နက်ခဲယမ်းများကို TNLAထုတ်ပြန် 
ဒီဇင်ဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ရှိ စစ်ကောင်စီဗျူဟာမှူး အခြေချကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား TNLAက သတင်းထုတ်ပြန်သည်။ 

 

TNLAက ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ (၂၅)ရက်နေ့မှ စတင်၍ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာ ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်(၁)နာရီခွဲတွင် စစ်ကောင်စီ ခမရ(၃၂၄)ဗျုဟာကုန်း အပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းသည် စစ်ဗျုဟာ(၂)လက်အောက်ခံ ခမရ(၃၂၄)၊ ခလရ(၂၅၆)တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် တပ်ဖြစ်သည်ဟု သိရသည်။ 

နမ္မတူမြို့စခန်းသိမ်းတိုက်ပွဲ (၄)ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၆၁)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ်ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ(၂၈)ရက်နေ့အထိ TNLAက နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် နမ္မတူမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo:PSLF/TNLA News