သတင်းထောက် ဖိုးသီဟပါ (၇)ဦးကို အထက်အမိန့်အရ သတ်ခြင်းဖြစ်ကြောင်း ခမရ ၃၇၈ တပ်ရေးဗိုလ်ကြီး ဝန်ခံထွက်ဆို

သတင်းထောက် ဖိုးသီဟပါ (၇)ဦးကို အထက်အမိန့်အရ သတ်ခြင်းဖြစ်ကြောင်း ခမရ ၃၇၈ တပ်ရေးဗိုလ်ကြီး ဝန်ခံထွက်ဆို
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

သတင်းထောက် ဖိုးသီဟ (ခ) မြတ်သူထွန်း အပါအဝင် (၇)ဦးကို အထက်အမိန့်အရ သတ်ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်  စခက(၉) လက်အောက်ခံ ခမရ (၃၇၈)မှ တပ်ရေးဗိုလ်ကြီး အာကာမြင့်က ဝန်ခံထွက်ဆို ကြောင်း သိရသည်။ 

၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် ခမရ(၃၇၈)တွင် ဌာနချုပ် တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးသိန်းထိုက်စိုး ဒဏ်ရာရရှိပြီး ခမရ (၃၇၇) ဆေးခန်း၌ ဆေးကုသမှုခံယူနေစဉ် ဒုတပ်ကြပ် သန်းအောင်နှင့် မှီခိုသူ မောင်မောင်ထံမှတဆင့် ခရိုင်ရဲတပ်ဖွဲ့ရုံးမှ ခမရ(၃၇၈) တွင် ပြောင်းရွှေ့ချုပ်နှောင်ထားသော သတင်းသမား ဖိုးသီဟအပါ အချုပ်သား(၇)ဦးကို သတ်ပစ်ရန် အမိန့်ရောက်လာခဲ့သည်ဟု ဆို သည်။

"အဲဒီအမိန့်ရရချင်းဘဲ ကျွန်တော် ခမရ(၃၇၈)မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ဆက်လက်တင်ပြခဲ့ပါတယ်။ ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ။ ပြီးမှ ကြည့်ရှင်းပါမယ်ဆိုတဲ့ အဖြေရတာနဲ့ ကျွန်တော်လည်း အဲဒါဆိုရင်တော့ ခရိုင်ရဲမှူးကြီးဘဲ တပ်မမှူးဆီကို ဆက်လက်သတင်းပို့ တင်ပြလိုက်ပါဆိုပြီးတော့ အချုပ်ခန်းသော့ကို ဒုတပ်ကြပ်သန်းအောင်ကိုပေးလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ်သန်းအောင်ကို ဘယ်နေရာမှာ ဆောင်ရွက်မလဲ မေးတဲ့အချိန်မှာတော့ ဒုတပ်ကြပ်သန်းအောင်က ဆေးခန်းအဝင်မှာ မိသားစုတွေတူးထားတဲ့ ဗုံးခိုကျင်းတွေရှိတယ် အဲဒီနေရာမှာဘဲ ဆောင်ရွက်လိုက်မယ်ဆိုပြီးတော့ အကြံပြုလို့ ကျွန်တော်လည်း အဲဒီနေရာမှာဘဲ ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ပြီးတာနဲ့ သေနတ်နဲ့ဘဲ ‌‌ဆောင်ရွက်ဖို့နဲ့ ကောင်းကောင်းမွန်မွန် မြေမြုပ်သင်္ဂြိုလ်ခဲ့ဖို့ မှာလိုက်ပါတယ်။"ဟု ဗိုလ်ကြီး အာကာမြင့်က ဝန်ခံထွက်ဆိုသည်။

ထို့နောက် ဒုတပ်ကြပ် သန်းအောင်ဦးစီးသည့်အဖွဲ့က အချုပ်ခန်း အတွင်းရှိ ဖိုးလပြည့်အပါအဝင် အချုပ်သား(၇)ဦးကို ထုတ်ပြီး မျက်လုံးကို ပုဝါနှင့်စည်း၍ လက်ကိုလက်ထိပ်ခတ်ကာ ဗဟိုကင်းနောက်ကျောလမ်းမှတဆင့် ဆေးခန်းကုန်းအောက်ခြေသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

"ဒုတပ်ကြပ် သန်းအောင်ခေါ်ဆောင်သွားပြီး (၁၅) မိနစ်လောက် အကြာမှာတော့ သေနတ်သံ (၇)ချက် (၈)ချက်လောက် ကြားရပါတယ်။ သေနတ်သံကြားပြီးတော့ နောက်ထပ် (၁၅)မိနစ်လောက်မှာဘဲ ဒုတပ်ကြပ်သန်းအောင် ဦးစီးတဲ့အဖွဲ့ ဗဟိုကင်းကို ပြန်ရောက် လာပြီးတော့ ကျွန်တော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်။"ဟု ပြောသည်။

ထို့နောက် ဒုတပ်ကြပ်သန်းအောင်နှင့် မှီခိုသူ ‌မောင်မောင်ကို ဌာနချုပ် တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးသိန်းထိုက်စိုးထံ ဆက်ပြီးသတင်းပို့ရန် တာဝန်‌ပေးခဲ့သည်ဟု ပြောသည်။

"နောက်ရက်မှာတော့ ခရိုင်ရဲမှူးကြီးခင်မောင်စိုးက ဆိုင်ကယ်နဲ့  တပ်မမှူးဆီကို သွားပြီးသတင်းပို့တာတော့ တွေ့ရပါတယ်။ သတင်းပို့ခဲ့တဲ့ အကြောင်းအရာနဲ့ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ကျွန်တော်မမေးဖြစ်ခဲ့လိုက်ပါဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော် ကျွန်တော့် သဘောဆန္ဒအလျောက် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲနဲ့ အထက်က ပေးအပ်ခဲ့တဲ့ အမိန့်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိတဲ့ မိသားစုတွေနဲ့ ရခိုင်ပြည်သူလူထုအားလုံးကို အနူးညွတ်တောင်းပန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။"ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ၎င်းတွင်အပြစ်ရှိကြောင်း၊ ရခိုင်ပြည်သူလူထုအားလုံးက ပေးအပ်သည့် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူမည်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

သတင်းထောက် ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့က ရခိုင်ပြည် မြောက်ဦးမြို့ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) ပုဒ်မဖြင့် တရားစွဲဆိုကာ မြောက်ဦးမြို့မရဲစခန်း၌ ဖမ်းဆီးထားခဲ့သည်။ 

ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်၏ (၅၄၀)တပ်ရင်းအပါအဝင် မြောက်ဦးမြို့ရှိ (၃၇၇)တပ်ရင်း၊ (၃၇၈)တပ်ရင်းတို့ကို သိမ်းပိုက်ပြီးနောက် တပ်ရင်း(၃၇၈)အတွင်းမှ သတင်းထောက် ဖိုးသီဟပါ (၇)ဦး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်သုံ့ပန်းများထဲတွင် ရခိုင်ပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား စစ်ခုံရုံးတင်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ထို့အပြင် မတရားသဖြင့် သတ်ဖြတ်ခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးအတွက် စစ်ရာဇဝတ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားနည်းလမ်းကျကျ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency