နမ္မတူမြို့ရှိ စစ်ကောင်စီတပ်ကို TNLAသိမ်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသဖြင့် ရှင်းလင်းရေးလုပ်ဆောင်နေ

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်ကို TNLAသိမ်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသဖြင့် ရှင်းလင်းရေးလုပ်ဆောင်နေ
ဒီဇင်ဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၃၂၄)ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ပြန့်ကျဲထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို TNLAသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆)ရက်နေ့ကစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်အင်အား၊ လူအင်အားများကို လေကြောင်းဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

“ရပြီလို့တော့ အတည်ပြုလို့မရသေးဘူး။ တပ်စခန်းကနေ ပြန့်ကျဲပြီး ထွက်ပြေးနေကြလို့ သူတို့ကို လိုက်လံရှင်းလင်းရေးလုပ်တုန်း။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် နမ္မတူစခန်းတိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် (၈)ကြိမ်၊ Mi-35ဖြင့် (၄)ကြိမ်၊ Y12 ဖြင့် (၈)ကြိမ်နှင့် ဗုံး (၇၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ 

ထို့အပြင် စစ်ကောင်စီဘက်မှ Mi-17ထောက်ပို့လေယာဉ်ဖြင့် နမ္မတူတပ်စခန်းသို့တစ်ကြိမ် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းကာ တန်ပြန်တိုက်စစ်ဖွင့်ရန် လုပ်ဆောင်ခဲ့သော်လည်း စခန်းသိမ်းခံရကာ ထွက်ပြေးသွားကြခြင်းဖြစ်သည်။

TNLAသည် နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံမြို့တို့ကို သိမ်းပိုက်ရရှိထားပြီး လက်ရှိတွင်လည်း နမ္မတူမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

#TachileikNewsAgency