SSPP ကို သောင်းကျန်းသူဟု စစ်ခေါင်းဆောင်ပြောဆို၊ MNDAA သိမ်းထားသည့် ကိုးကန့်ဒေသကို တရားဥပဒေနှင့်အညီသာ ဆောင်ရွက်သွားရမည်ဟုပြော

SSPP ကို သောင်းကျန်းသူဟု စစ်ခေါင်းဆောင်ပြောဆို၊ MNDAA သိမ်းထားသည့် ကိုးကန့်ဒေသကို တရားဥပဒေနှင့်အညီသာ ဆောင်ရွက်သွားရမည်ဟုပြော

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို သောင်းကျန်းသူဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြောင်းအမျိုးမျိုးပြကာ (၆)လသက်တမ်းတိုးသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ ကာလုံဟုခေါ်သော အစည်းအဝေးတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

KIA၊ SSPP၊ KNPPတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ကူညီပေးခဲ့ပြီး နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်စေခဲ့သည်ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

ထို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအကြောင်း ပြောဆိုသွားသော်လည်း ၎င်းဒေသများတွင် သိမ်းခံရသည့် တပ်စခန်းနှင့် မြို့များအကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပါ။

ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြောက်ထားသည့် အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဟု ဆိုသည်။

MNDAAကိုသောင်းကျန်းသူဟု ပြောဆိုသည့် စစ်ခေါင်းဆောင်က MNDAAသိမ်းပိုက်ထားပြီးဖြစ်သည့် ကိုးကန့်ဒေသကို သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင်ဆက်သွယ်၊ ဆက်ဆံဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီကိုယ်စားလှယ်များက ဆွေးနွေးနေကြောင်း၊ အဆိုပါ အချက်များကို လျစ်လျှူရှုမည်ဆိုက နောက်ခံအကြောင်း အမျိုးမျိုးကြောင့် စစ်ဘုရင်ဝါဒကို အသက်သွင်းခြင်းသာဖြစ်ကြောင်းပြောဆိုသည်။

ထို့အပြင် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ‌ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ပြုလုပ်နိုင်ရန် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေနှင့် သန်းခေါင်းစာရင်း ကောက်ယူမည်ဖြစ်ကြောင်း ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ မတိုင်ခင်က တည်ငြိမ်အေးချမ်းမှုမျိုး ပြန်ရရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

#TachileikNewsAgency