နမ္မတူမြို့ကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲ အရပ်သားနှစ်ဦးသေဆုံး၊ မန်တုံ ခလရ ၁၃၀ တပ်အတွင်း နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ ထပ်မံရရှိ

 နမ္မတူမြို့ကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲ အရပ်သားနှစ်ဦးသေဆုံး၊ မန်တုံ ခလရ ၁၃၀ တပ်အတွင်း နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းများ ထပ်မံရရှိ
ဒီဇင်ဘာ 26, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ်က   ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား(၂)ဦးသေဆုံးခဲ့ကြောင်း TNLA ထံမှ သိရသည်။

နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာအနီးတဝိုက်နှင့် ရပ်ကွက်(၃)တို့ကို စစ်ကောင်စီတပ်က Y12 လေယာဥ်ဖြင့် (၇)ကြိမ်၊ ဗုံး (၂၈)လုံး ကြဲချခဲ့တိုက်ခိုက်ခဲ့ရာ အရပ်သား(၂)ဦးတို့ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

 နမ္မတူအခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၃၂၄)က လက်နက်ကြီးဖြင့် (၁၉)ကြိမ် ပစ်ခတ်မှုကြောင့် နမ္မတူမြို့နယ် မန်ဆာကြီးအုပ်စု၊ နားလင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ  နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ဆန်၊ ဆီ၊ ကျပ်ငွေ သိန်း(၂၀) ကျော် မီးလောင်ဆုံးရှုံးသွားသည်ဟု သိရသည်။

သိနီမြို့နယ်အနီးတဝိုက်ကိုလည်း စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၂)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သီပေါမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က Mi17 ဖြင့် သီပေါမြို့ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းခဲ့သည်ဟု သိရသည်။ 

လားရှိုးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ နမ့်ပေါင်တပ်စခန်းမှ သံလွင်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်ထားသည့် မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများမှ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၏ ထွက်ဆို ပြောပြချက်အရ စစ်ကောင်စီ ခလရ(၁၃၀)တပ်စခန်းအတွင်း TNLA က နယ်မြေရှင်းလင်းရာ  လက်နက်နှင့် ခဲယမ်းများစွာ ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

Photo: PSLF/TNLA