မိုးဗြဲတွင် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ပြီး သက်ကြီးရွယ်အိုနှစ်ဦးနှင့် ကလေးတစ်ဦးကိုသတ်ဖြတ်၊ ကယ်ထုတ်ရန်သွားသည့် ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်

မိုးဗြဲတွင် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ပြီး သက်ကြီးရွယ်အိုနှစ်ဦးနှင့် ကလေးတစ်ဦးကိုသတ်ဖြတ်၊ ကယ်ထုတ်ရန်သွားသည့် ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်
By Tachileik News Agency

ရှမ်း-ကရင်နီ (ကယား)နယ်စပ် မိုးဗြဲမြို့နယ်တွင် စစ်ရှောင်စခန်းအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်အကျအဆုံးရှိခဲ့ကာ ဒေသခံသက်ကြီးရွယ်အိုနှစ်ဦးနှင့် ကလေးတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မိုးဗြဲမြို့အရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်တစ်နေရာကို စစ်ကောင်စီ၏ တပ်မ ၆၆ က စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကိုဖမ်းဆီးထားသဖြင့် ဖယ်ခုံ PDF တပ်ရင်း ၂၊ KNDF B-03၊ URF ပူးပေါင်းအဖွဲ့တို့က စစ်ဘေးရှောင်များကိုကယ်ထုတ်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့သွားရောက်ရာ ညနေ ၃ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု၏ ဖယ်ခုံနှင့် ၄၂၂ တပ်တို့မှ လက်နက်ကြီးပစ်ကူခဲ့ကြ   သည့်အပြင် တိုက်လေယာဥ် နှစ်စီးဖြင့် ၃ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ်အပါ အဝင် အများအပြားသေဆုံးဒဏ်ရာရပြီး အလောင်း ၄ လောင်းနှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်ကိုကယ်ထုတ်ရန်ကြိုးစားရင်း ဖယ်ခုံ PD တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးနှင့် KNDF B-03 မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသော စစ်ဘေးရှောင်ပြည်သူအချို့ကိုလူသားဒိုင်းအသုံးပြုသည့်အပြင် အသက် ၈၁ နှစ်နှင့် ၇၈ နှစ်အ ရွယ် သက်ကြီးရွယ်အို ၂ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၇ တန်းကျောင်း သားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြကြောင်း သိရသည်။