ဒဏ်ရာရသူများရှိပါက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကော်စီထံ ချက်ချင်းအကြောင်းကြားရန်ထုတ်ပြန်

ဒဏ်ရာရသူများရှိပါက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကော်စီထံ ချက်ချင်းအကြောင်းကြားရန်ထုတ်ပြန်
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ်နှင့် လွိုင်ကော်မြို့တို့ရှိ အရပ်သား နေအိမ်များတွင် ဗုံးခိုကျင်းများ တူးထားရန်နှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုလုပ်ကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။

ရှမ်း-ကယားနယ်စပ်နှင့် လွိုင်ကော်မြို့တို့တွင် ယနေ့ နိုဝင်ဘာလ (၁၁)ရက်နေ့ကစတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ရပ်ကွက်များ၊ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့ကြောင့် အရပ်သားများအနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် နေအိမ်များတွင် မြေညီထပ် သို့မဟုတ် ဗုံးခိုကျင်း၊ အုတ်နံရံအကာအကွယ်ရှိသော နေရာများတွင် နေထိုင်ရန် အသိပေးထားသည်။

ပြည်သူများအနေဖြင့် စိတ်ချရသော သတင်းထုတ်ပြန်ချက်များ မရမချင်း နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ကြရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ် ထုတ်ပြန်ချက်နှင့် သတိပေးချက်များ၊ မှန်ကန်သော သတင်းများကို မပြတ်နားစွန့်ရင်း ဂရုပြုကြရန်၊ မတော်တဆ ဒဏ်ရာရပါက အကူအညီတောင်းခံရမည့် ဖုန်းနံပတ်များမှတ်သားထားရန်လည်း ထုတ်ပြန်ထားသည်။

ထို့အပြင် နေထိုင်ရာရွာနှင့် ရပ်ကွက်များအနီး ဒဏ်ရာရရှိသူများကို တွေ့ရှိ၊ သိရှိပါက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ အကြောင်းကြားရန်လည်း အသိပေးထားသည်။

လက်ရှိတွင် ရှမ်း-ကယားနယ်စပ် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ရှိ စစ်ကောင်စီစခန်း (၇)ခုအား ကရင်နီတော်လှန်ရေးတပ်များက တိုက်သိမ်းပိုက်ရရှိထားပြီး အခြားသော စခန်းများကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်နေကြောင်း မဟာမိတ်တပ်များက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency