အသက်(၆၉) နှစ်အရွယ် အမျိုးသားကြီးတစ်ဦး အချိန် (၂) နာရီခွဲအတွင်း ကိုယ်အလေးချိန် (၂၄) ပေါင် လျော့ကျပြီး ကမ္ဘာ့စံချိန်သစ်တင်

အသက်(၆၉) နှစ်အရွယ် အမျိုးသားကြီးတစ်ဦး အချိန် (၂) နာရီခွဲအတွင်း ကိုယ်အလေးချိန် (၂၄) ပေါင် လျော့ကျပြီး ကမ္ဘာ့စံချိန်သစ်တင်
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံ ဒါဂက်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေမှ အသက် (၆၉) နှစ်အရွယ် အမျိုးသားကြီးက (၂) နာရီခွဲကြာ ပြေးပြီးနောက် ကိုယ်အလေးချိန် (၂၄) ပေါင် (၁၁ ကီလိုဂရမ်) လျော့ကျသွားကာ အမြန်ဆုံး ကိုယ်အလေးချိန် လျော့ကျသူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်လိုက်သည်။ 

Bahama Aigubov အမည်ရှိ ထိုအမျိုးသားကြီးက ၂၀၁၉ ခုနှစ်အတွင်း (၅) နာရီကြာ ကွင်းပတ်ပြေးမှုဖြင့် ကိုယ်အလေးချိန် (၂၁) ပေါင် (၉.၃ ကီလိုဂရမ်) လျော့ကျခဲ့ပြီး ရုရှားစံချိန်မှတ်တမ်း Russia Book of Records တွင် အမြန်ဆုံး ကိုယ်အလေးချိန် လျော့ကျသူအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီး ဖြစ်သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ဒါဂက်စတန်မြို့တော် Makhachkala မြို့၌ ကျင်းပခဲ့သည့် (၁၃) မိုင် အကွာအဝေးရှိ ပြေးခုန်ပစ်ပြိုင်ပွဲတွင် Aigubov က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ (၂) နာရီခွဲကြာ ပြေးပြီးနောက် ကိုယ်အလေးချိန် (၂၄) ပေါင် လျော့ကျခဲ့ရာ ၎င်း၏စံချိန်ဟောင်းကို ကိုယ်တိုင် ချိုးဖျက်၍ စံချိန်သစ်တင်လိုက်ခြင်း ဖြစ်သည်။ 

Aigubov မှာ Russian Book of Records အရ အမြန်ဆုံး ကိုယ်အလေးချိန် လျော့ကျသူအဖြစ် စံချိန်တင်ခဲ့သော်လည်း ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့အစည်း Guinness Boook of Records ထံမှ အသိအမှတ်ပြုမှု မရရှိခဲ့ချေ။

ဂင်းနစ်အဖွဲ့အစည်းက အလျင်အမြန် ကိုယ်အလေးချိန် လျော့ကျမှုနှင့် ပတ်သက်၍ အသိအမှတ်မပြုထားဘဲ ကိုယ်အလေးချိန် လျော့ကျစေရန် အန္တရာယ်ရှိသော လုပ်ဆောင်မှုများဖြင့် ကြိုးပမ်းခြင်းကို အားမပေးထားကြောင်း သိရသည်။ 

မည်သို့ဆိုစေ ဒါဂက်စတန်မှ အမျိုးသားကြီးမှာ လက်ရှိအချိန်အထိ အမြန်ဆုံး ကိုယ်အလေးချိန် လျော့ကျသူဖြစ်ကြောင်း Russia Book of Records က အသိအမှတ်ပြုထားသည်။

 

Source: News Unrolled, Oddity Central

Photo:  Oddity Central