ထိုင်းနိုင်ငံတွင် နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ပြီး အပူဒဏ် လျော့ပါးသက်သာလာမည်ဟု ခန့်မှန်းထား

ထိုင်းနိုင်ငံတွင် နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ပြီး အပူဒဏ် လျော့ပါးသက်သာလာမည်ဟု ခန့်မှန်းထား
By Mr John

 ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့မှ မေလ (၇) ရက်နေ့အထိ နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး အပူဒဏ် လျော့ပါးသက်သာလာမည်ဟု မျှော်လင့်ထားသည်။ 

သို့သော် အများပြည်သူ အနေဖြင့် လေပြင်းတိုက်မှုနှင့် မိုးသီးကြွေမှုတို့ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသဌာနက ပြောသည်။

အနောက်၊ အရှေ့တောင်နှင့် တောင်ဘက်မှ လေတိုက်ခတ်မှုများက အလွန်ပူပြင်းသော အလယ်ပိုင်းလွင်ပြင်၊ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာနက ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ထုတ်ပြန်သည်။ 

မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ အနောက်လေ တိုက်ခတ်မှုများ ကြုံတွေ့ရမည်ဟု ခန့်မှန်းထားသည်။

ထို့နောက် ၂၀၂၄ ခုနှစ် မေလ (၆) ရက်နှင့် မေလ (၇) ရက်နေ့တို့တွင် တောင်ဘက်နှင့် အရှေ့တောင်ဘက်မှ လေများက အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းလွင်ပြင်နှင့် မြောက်ပိုင်း အောက်ဘက် ဒေသများတွင် တိုက်ခတ်လာမည်ဟု ဆိုသည်။ 

အဆိုပါ အခြေအနေကြောင့် ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့မှ မေလ (၇) ရက်နေ့အထိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်နှင့် အရှေ့ပိုင်း ဒေသများ၌ မိုးသီးမုန်တိုင်းများ အပါအဝင် နွေရာသီမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 

ထိုင်းနိုင်ငံတွင် စိုစွတ်သော ရာသီဥတုမှာ ၂၀၂၄ ခုနှစ် မေလ စတုတ္တပတ်တွင် စတင်မည်ဟု ခန့်မှန်းထားကြောင်းလည်း မိုးလေဝသဌာနက ပြောသည်။

ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ အလယ်ပိုင်းဒေသရှိ မြို့အများစုမှာ ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် ပါဝင်နေပြီး အပူလွန်ကဲမှုကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်စဥ်များ မြို့ကြီးအများစု၌  ဖြစ်ပွားလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၄ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်လာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလ (၃၀) ရက်နေ့မှစ၍ လာမည့် ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အပူချိန်ပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

 

Source: Bangkok Post