တရုတ်နိုင်ငံတွင် တင်းကြပ်သည့် Covid-19 ကန့်သတ်ချက်များကြောင့် ဆန္ဒပြမှုများ မြှင့်တက်လာပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

တရုတ်နိုင်ငံတွင် တင်းကြပ်သည့် Covid-19 ကန့်သတ်ချက်များကြောင့် ဆန္ဒပြမှုများ မြှင့်တက်လာပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
By Mr John

တရုတ်နိုင်ငံတောင်ပိုင်း Guangzhou မြို့တွင် တင်းကျပ်သည့် COVID-19 စည်းမျဥ်းကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြသည့် ပြည်သူများနှင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ နိုဝင်ဘာလ (၂၉) ရက် ညပိုင်းက ထိပ်တိုက်တွေ့ခဲ့ကြသည်။ 

ဆန္ဒပြသူများက ရောဂါကာကွယ်ရေးဝတ်စုံများ ဝင်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို အမှိုက်နှင့် ဖန်ခွက်များဖြင့် ပစ်ပေါက်ခဲ့ကြသည်ကို အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုမှတ်တမ်း၌ တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို မထိမှန်စေရန် ဒိုင်းကာများဖြင့်ကာပြီး ရှေ့သို့တက်လာကြသည်။ 

နောက်ဗီဒီယိုတစ်ခုတွင်မူ ရဲတပ်ဖွဲ့က လူများကို လက်ထိပ်ခတ်ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။ 

နိုဝင်ဘာလ (၃၀) ရက်နေ့တွင်မူ Guangzhou နှင့် Chongqing မြို့ တာဝန်ရှိသူများက COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ကြောင်း ကြေညာခဲ့သည်။

ဆိုရှယ်မီဒီယာပို့စ်များအရ Guangzhou မြို့ Haizhu ခရိုင်တွင် နိုဝင်ဘာလ (၂၉) ရက် ညဥ့်နက်ပိုင်းနှင့် နိုဝင်ဘာလ (၃၀) ရက် နံနက်အစောပိုင်းအထိ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

Haizhu ခရိုင်ရှိ Houjiao ကျေးရွာတွင် ရဲအရာရှိ (၁၀၀) ခန့်ကို တွေ့ရပြီး အနည်းဆုံး အမျိုးသား (၃) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း Guangzhou မြို့ခံတစ်ဦးက AFP သတင်းဌာနကို ပြောသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xinjiang နယ်မြေ Urumqi မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ (၂၄) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း လူ (၁၀) ဦး သေဆုံးခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 

ထိုအဆောက်အအုံ မီးလောင်မှုတွင် lockdown စည်းမျဥ်းများကြောင့် ကယ်ဆယ်ရေးလုပ်ရန် နှောင့်နှေးကြန့်ကြာပြီး လူများ သေဆုံးခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နေသော်လည်း လတ်တလော ရက်များအတွင်း နေ့အလိုက် ကူးစက်မှုအရေအတွက် စံချိန်တင် မြင့်တက်နေသည်။

 ထိုအတောအတွင်း တရုတ်အာဏာပိုင်များက ယခုရက်ပိုင်းအတွင်း မြို့ကြီးများ၌ ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော COVID-19 ကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူများကို စုံစမ်းရှာဖွေနေကြောင်းလည်း သိရသည်။

Source: Reuters, BBC