ကျောက်မဲတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ

ကျောက်မဲတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေ
စက်တင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် လဲကြီးနှင့် တောင်နီအကြားတွင် အင်အားအများအပြားတင်ဆောင်လာသည့် စစ်ကောင်စီတပ် တပ်မ (၈၈)၊ လပခ - ခလရ(၇၁)နှင့် TNLA တပ်မဟာ(၄) တပ်ရင်း (၅၉၃)တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ နေ့လယ်ပိုင်းတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ MA1 (၃) လက်၊ MA2 (၁)လက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကာ စစ်ကားတစ်စီးလည်း ချောက်အတွင်း ထိုးကျပျက်စီးခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ (၇)ရက်နေ့ကလည်း လားရှိုးမြို့နယ်မှ သိန္နီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ မုန်းလီနှင့် ကောင်းဆာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်အင်အား အလုံးအရင်းဖြည့်တင်းလာခြင်းနှင့် ထိုးစစ်ဆင်မှုများကို နေ့စဉ်ပြုလုပ်လာခြင်းကြောင့် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေကာ ဇူလိုင်လ (၂၃)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း (၃၆)ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

#TachileikNewsAgency