ပဲခူးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအား PDF များက တစ်နေ့တာအတွင်း ၄ နေရာတွင် တိုက်ခိုက် 

ပဲခူးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များအား PDF များက တစ်နေ့တာအတွင်း ၄ နေရာတွင် တိုက်ခိုက် 
အောက်တိုဘာ 10, 2022 | 2021 Military Coup| အခြားဒေသများ
By Tachileik News Agency

ပဲခူးတိုင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ တစ်နေ့တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များကို (၄)နေရာတွင် တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က (၁၀)ဦးထက်မနည်း သေဆုံးမည်ဟု ပဲခူးတိုင်း PDF ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က ပဲခူးတိုင်းအတွင်း အမြန်လမ်း မိုင်တိုင် ၈၃ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးရှိနေသည့် စစ်ဆေးရေးဂိတ်ကို ပဲခူးမြို့နယ်ပကဖက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား (၄)ဦးသေပြီး အများအပြားဒဏ်ရာပြင်းထန်ရရှိခဲ့ကြပြီး ကံမြင့်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်အဖွဲ့ထံ ရိက္ခာနှင့်လူအင်အား လာပို့သည့် စစ်ကောင်စီတပ်၏ ကား (၂)စီးမှာလည်း ရွှေကျင်ပကဖနှင့် ညောင်လေးပင်ပကဖတို့၏ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံရကြောင်း သိရသည်။

ယင်းအပြင် ပဲခူးမြို့နယ်အတွင်းရှိ အင်းတကော်မြို့အပိုင် ဟံသာဝတီဂေါက်ကွင်းအနီးတွင်လည်း နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးအား အင်းတကော် ပကဖက တိုက်ခိုက်ခဲ့ရာ ယင်းနယ်ထိန်းသေဆုံးသွားပြီး ယင်းနေ့မှာပင် နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်အုပ်စု၊ ကရင်ဆင်ဆွဲရွာသို့ ဦးတည်စစ်ကြောင်းထိုးလာသော အင်အား(၂၃)ဦးပါဝင်သည့် စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၄)၊ MRF-Nattalin တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးပြီး (၇)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။