နှစ်ပေါင်း ၇၀ ကျော်အတွင်း စစ်တပ်အထိနာဆုံးအချိန်ဖြစ်သည်ဟုဆို၊ အဖွဲ့အစည်းအချင်းချင်းအကြား စည်းလုံးညီညွတ်ကြရန် ညီနောင်မဟာမိတ်(၃)ဖွဲ့ တိုက်တွန်း

နှစ်ပေါင်း ၇၀ ကျော်အတွင်း စစ်တပ်အထိနာဆုံးအချိန်ဖြစ်သည်ဟုဆို၊ အဖွဲ့အစည်းအချင်းချင်းအကြား စည်းလုံးညီညွတ်ကြရန် ညီနောင်မဟာမိတ်(၃)ဖွဲ့ တိုက်တွန်း
ဒီဇင်ဘာ 22, 2023 | 2021 Military Coup

နှစ်ပေါင်း ၇၀ ကျော်အတွင်း စစ်ကောင်စီတပ် အထိအနာဆုံးအချိန်ဖြစ်ကာ ဘုံရန်သူအား တိုက်ထုတ်နေကြသော အဖွဲ့အစည်းအချင်းချင်းအကြား စည်းလုံးညီညွတ်ကြရန် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်ကောင်စီတပ် အထိအနာဆုံးအချိန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း စစ်ဘေးရှောင်ဒုက္ခသည် အများဆုံးကာလလည်းဖြစ်ပြီး ညီနောင်(၃)ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနယ်မြေများ၌အပြင် တစ်နိုင်ငံလုံးအနှံ့ရှိကြသော တော်လှန်ရေးအဖွဲ့များမှလည်း စစ်ကောင်စီအား နည်းလမ်းမျိုးစုံ၊ ဒေါင့်ပေါင်းစုံမှ ခပ်စိပ်စိပ် တော်လှန်တိုက်ခိုက်လာခဲ့ကြပြီး ထိုက်သင့်သော အောင်ပွဲများကို နေ့တိုင်း ထင်ရှားစွာ တွေ့မြင်နေရသည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေသော ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့်အဝရရှိရန်အတွက် ယခုထက် အဆများစွာ ကြိုးစားအားထုတ်ရန်လိုအပ်နေသေးပြီး တော်လှန်ရေးသက်လုံနှင့် ဘုံရန်သူအား တိုက်ထုတ်နေကြသော အဖွဲ့အစည်းအချင်းချင်းအကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု တို့သည် ယခုထက် ပိုမိုအားကောင်းရန် လိုအပ်နေသေးသည်ဟု ထောက်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးသည် (၅၆)ရက်မြောက်နေ့အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံး ဟန်ချက်ညီစစ်ဆင်ရေးအဖြစ်သို့ ကူးပြောင်းလာပုံမှာ စစ်ကောင်စီအား တစ်စက်လေးမှ အလိုမရှိတော့သည့် မြန်မာပြည်သူတစ်ရပ်လုံးနှင့် တော် လှန်ရေး ဘက်တော်သားများအတွက် အားရကျေနပ်စရာ မြင်ကွင်းများပင်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency