ဖျာပုံအကျဉ်းထောင်တွင် ရိုက်နှက်ပြီးတိုက်ပိတ်ခံရသည့် နိုင်ကျဉ်းများအပါအဝင် ၁၁ ဦးကို အကျဉ်းထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွား

Photo: PPNM (မတ်လ(၃၁)ရက်နေ့တွင် ဥပဒေမဲ့ ရိုက်နှက်ခြင်းခံရသူများကို ဧပြီလ(၁)ရက်နေ့ ရုံးထုတ်စဉ်)
Photo: PPNM (မတ်လ(၃၁)ရက်နေ့တွင် ဥပဒေမဲ့ ရိုက်နှက်ခြင်းခံရသူများကို ဧပြီလ(၁)ရက်နေ့ ရုံးထုတ်စဉ်)
ဖျာပုံအကျဉ်းထောင်တွင် ရိုက်နှက်ပြီးတိုက်ပိတ်ခံရသည့် နိုင်ကျဉ်းများအပါအဝင် ၁၁ ဦးကို အကျဉ်းထောင်ပြောင်းမည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွား
By Tachileik News Agency

ဧရာဝတီတိုင်း ဖျာပုံထောင်မှ နိုင်ငံရေးအကျဉ်းသား (၁၁)ဦးကို ၂၀၂၄ ခုနှစ် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဥ်း‌ထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ် ဆောင်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၊ ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများပါဝင်သည့်အဖွဲ့က ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသား (၁၁)ဦးထဲတွင် မတ်လ(၃၁)ရက်နေ့က ထောင်တွင်း၌ အကြောင်းမဲ့ရိုက်နှက်ခံရသည့်အပြင် ထောင်ဒဏ်(၆)လ ထပ်တိုးချခံရသူများ ပါဝင်သည်ဟု သိရသည်။

 (၅) ယောက်တဖွဲ့၊ (၆) ယောက်တစ်ဖွဲ့ခေါ်သွားတယ်လို့ သိရတယ်။ (၅) ယောက်အဖွဲ့ကိုတော့ အင်းစိန်ထောင်ပြောင်း မယ်လို့ပြောတယ်။ (၆) ယောက်တဖွဲ့ကိုတော့ သာယာဝတီထောင်ကို ရွှေ့မယ်လို့ပြောတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ သတင်းကလည်း အမှောင်ချထားတယ်။ ဒီနေ့ဆိုရင်လည်း ထောင်ဝင်စာပါဆယ်တွေ လက်မခံဘဲနဲ့ ပိတ်ထားတယ်ပေါ့နော်။ လူကြီးလမ်းကြောင်းရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ရဲ့ပရဝုဏ်မှာ ပိတ်ဆို့ထားတယ်ပေါ့နော်။

ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။

ထောင်ပြောင်းရွှေ့ခံရသူများတွင် နိုင်ငံရေးအကျဉ်းသား ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်၊ ကိုဝေယံဦး(ခ)ရှည်ကြီးတို့ ပါဝင်သွားကြောင်း လတ်တလောအတည်ပြုချက်ရထားကာ ဆက်လက်စုံစမ်းနေပြီး ပြောင်းရွှေ့ခံရသူများ၏ အသက်အန္တရာယ် ဘေးကင်းရေးအတွက်လည်း စိုးရိမ်မကင်းဖြစ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုသည်။

မနက်(၁၀)နာရီကမှ ခေါ်ထုတ်သွားတာဖြစ်တဲ့အတွက် အခုအချိန်ထိ မရောက်နိုင်သေးဘူးဗျ။ အခုချိန်ဆို လမ်းတလျှောက်မှာ ရှိမှာပေါ့နော်။ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကတော့ ဒီလိုခေါ်ထုတ်သွားတဲ့အချိန်မှာ ထွက်ပြေးရန်ကြံစည်မှုဆိုပြီး သတ်လေ့သတ်ထရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မတရားရိုက်နှက်ခံထားရသူတွေလည်းပါတဲ့အတွက် သူတို့ရဲ့အသက်အန္တရာယ်ကို ကျွန်တော်တို့ အင်မတန်စိုးရိမ်ပါတယ်ဗျ။

ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ဖျာပုံထောင်တွင် ပုဒ်မ(၅၄)ဖြင့် စွပ်စွဲခံထားရ၍ အမှုရင်ဆိုင်နေဆဲ ကိုနန်းလင်းအောင်ကို မတ်လ(၃၁)ရက်နေ့က ထောင်တွင်း နေ့ခင်းတန်းပိတ်ထားချိန်၌ အကြောင်းပြချက်မရှိဘဲ အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ ဝင်ရိုက်ရောက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နေ့လယ်တန်းပြန်ဖွင့်ချိန် အခန်းပြင်ပတွင် သွားလာခွင့်ရချိန်၌ နိုင်ငံရေးအကျဉ်းသားများက ကျူးလွန်ခဲ့သည့် တပ်ကြပ်ကြီး၊ အိပ်ဆောင်မှူးနှင့် ဝန်ထမ်းများကို ယခုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့်မရှိကြောင်း တင်ပြခဲ့ကြရာ အိပ်ဆောင်မှူးနှင့် ဝန်ထမ်းငယ်များက လက်မခံကြောင်း အော်ဟစ်ပြောဆိုရာမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင်ဝန်ထမ်းများကြား ပဋိပက္ခဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

ဖျာပုံအကျဉ်းထောင်၏ ထောင်အာဏာပိုင်များက အဆိုပါ ဖြစ်ရပ်ကို နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ် အကျဉ်းသားများ ပူးပေါင်း၍ ထောင်ဖောက်ရန်ကြံစည်နေကြောင်း သတင်းလိမ်လည်ပေးပို့ခဲရာ ယင်းနေ့ ညနေ(၅)နာရီဝန်းကျင်၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်သို့ ဝင်ရောက်ပြီး ပစ်ခတ်ဖြိုခွင်းမှုပြုလုပ်သည့်အပြင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ရိုက်နှက်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်ဝန်ထမ်းများကို ထိခိုက်ဒဏ်ရာရရှိစေရန် ပါဝင်ခဲ့သူများဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသားအချို့ကို ခေါ် ထုတ်၍ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၂၀)ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် အရေးပေါ်လိုအပ်နေကာ အချို့နိုင်ငံရေးအကျဉ်းသားများမှာ ခြေထောက်တွင်ရရှိသည့် ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်သည်အထိ ဖြစ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပြင် ဓားပြမှုဖြင့် အမိန့်ချခံထားရသည့် ကိုအောင်ကြီးတို့အပါအဝင် ရာဇဝတ်အကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၁၈)ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်က ဧပြီလ(၁)ရက် နေ့ ညနေပိုင်းတွင် ထောင်စည်းကမ်း ဥပဒေ(၂၂၄)ဖြင့် ထောင်ဒဏ်(၆)လစီအမိန့်ချကာ အကျဉ်းထောင်တိုက်အတွင်း တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၁၆)ရက်နေ့က ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅(က)၊ ၅၂(က)၊ ၅၁(ဂ) တို့ဖြင့် ထောင်ဒဏ်(၇)နှစ်ချမှတ်ခံထားရသည့် အသက်(၃၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟအား သက်သေခံပစ္စည်းများလိုက်ပြရန်ဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့က ခေါ်ထုတ်သွားပြီးနောက် ပစ်သတ်ခံခဲ့ရပြီး ၎င်းမှာ ထွက်ပြေးရန်ကြံစည်သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု ထားဝယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူများကဆိုခဲ့ခြင်းဖြစ်သည်။