လုံးခင်း မဇွပ်ရမ်အကျဥ်းထောင်ဝန်ထမ်းများ၏ ဇနီးသည် ၃ ဦးကို KPDFက ဖမ်းဆီးပြီးနောက် ပြန်လွှတ်

လုံးခင်း မဇွပ်ရမ်အကျဥ်းထောင်ဝန်ထမ်းများ၏ ဇနီးသည် ၃ ဦးကို KPDFက ဖမ်းဆီးပြီးနောက် ပြန်လွှတ်
အောက်တိုဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မဇွပ်ရမ်အကျဥ်းထောင်မှ စစ်ကောင်စီဝန်ထမ်းများ၏ ဇနီးသည် (၃)ဦးကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် KPDFတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အချုပ်ထောင်ဝန်ထမ်းများ၏ ဇနီးသည် (၃)ဦး ဈေးဝယ်ထွက်လာစဉ် လမ်းပိုင်းတစ်နေရာတွင် KPDFတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စစ်ဆေးမေးမြန်းပြီးနောက် နေ့လယ်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဈေးလာဝယ်တာကို ဖမ်းဆီးစစ်ကြည့်လိုက်တော့ ဝန်ထမ်းတော့ ဝန်ထမ်းပဲ။ ဒါပေမယ့် ရဲနဲ့ စစ်သားတွေရဲ့ အမျိုးသမီးတွေမဟုတ်တော့ သူတို့ကို ပြန်လွှတ်ပေးလိုက်တာ။”ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ အကျဥ်းထောင်အတွင်း၌ KPDF ထောက်ပို့တပ်သားတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ထောင်အတွင်း တပ်စွဲထားသည်ဟုလည်း ဆိုသည်။

ဖားကန့်ဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်း KPDFတပ်တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

#TachileikNewsAgency