ဘိုလီးဗီးယားနိုင်ငံရဲ့ အသက်(၁၀)နှစ်သားလေး ကွင်းလယ်ဒိုင်

ဘိုလီးဗီးယားနိုင်ငံရဲ့ အသက်(၁၀)နှစ်သားလေး ကွင်းလယ်ဒိုင်
သြဂုတ် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

ဘိုလီးဗီးယားနိုင်ငံတွင် အသက် (၁၀) နှစ်အရွယ်ဝန်းကျင်ရှိ  အဲရစ် ကယ်လီဂျက်စ်က ပြည်တွင်းလိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဥ်များကို ကြီးကြပ်နေသည့် ကွင်းလယ်ဒိုင်လူကြီးတစ်ဦးအဖြစ် တာဝန်ယူနေသူ ဖြစ်သည်။ 

ဘိုလီးဗီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့နှင့် မြို့တော် La Paz မြို့နှင့်ကပ်လျက်ရှိ El Alto မြို့တွင် သီတင်းပတ်ကုန်ရက်များ၌ ဘောလုံးပွဲစဥ်များကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူနေသူ အဲရစ်ကို တွေ့နိုင်သည်။

အဲရစ်က ဒိုင်လူကြီးဖြစ်သည့် ၎င်း၏ ဖခင် ရာမီရိုကို အတုယူခဲ့သူလည်း ဖြစ်သည်။ 

"ကျွန်တော့် အိပ်မက်က ဘိုလီးဗီးယားဒါဘီ (Bolivian Derby) မှာ ကွင်းလယ်ဒိုင်လုပ်ဖို့၊ FIFA ဒိုင်လူကြီး ဖြစ်လာဖို့ပါ။ ဒါမှ ကျွန်တော် ကမ္ဘာ့ဖလား၊ အမေရိကဖလား၊ လစ်ဘာရေတာဖလားနဲ့ ချန်ပီယံလိဂ်မှာ ကွင်းလယ်ဒိုင် လုပ်နိုင်မယ်လေ" ဟု အဲရစ်က ပြောသည်။

"စနေနဲ့ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်လေး ကျွန်တော့်သား အဲရစ်နဲ့အတူ ဒိုင်လူကြီးလုပ်ဖို့ အတူသွားကြတယ်။ ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ သူ့အသွေးအသားထဲက ဒိုင်လူကြီးလုပ်ချင်တဲ့စိတ်ကြောင့် ကျွန်တော် စိတ်လှုပ်ရှားရပါတယ်" ဟု ဖခင်ဖြစ်သူ ရာမီရိုက ပြောသည်။ 

အဲရစ်အနေဖြင့် ပထမဆုံး ကွင်းလယ်ဒိုင်အဖြစ် ဘိုလီးဗီးယား ပြည်တွင်းလိဂ်ပြိုင်ပွဲ၏ အမျိုးသမီးပွဲစဥ်တစ်ခုကို စတင် တာဝန်ယူခဲ့သည်။

"အဲဒီတုန်းက အမျိုးသမီး ချန်ပီရှစ်ပွဲစဥ်ဗျ။ အဲရစ် ဒိုင်လူကြီး လုပ်နိုင်မလားလို့ ကျွန်တော့်ကို မေးလာပြီး လုပ်နိုင်တယ်လို့ ကျွန်တော် ပြောခဲ့တယ်" ဟု ဖခင်ဖြစ်သူ ရာမီရိုက ပြန်ပြောပြသည်။ 

အဲရစ်က ပင်ကိုယ်စွမ်းရည်ရှိသူဖြစ်ကြောင်း ဘောလုံးသမား Beimar Tancara က ဆိုသည်။ 

"သူက ဒိုင်လူကြီးဖြစ်ဖို့ မွေးလာတာဗျ။ အရမ်း တော်တယ်။ သူ ဒိုင်လူကြီးလုပ်တာကို ကျွန်တော် ကြိုက်တယ်" ဟု Beimar က ပြောသည်။

Source: Reuters