စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှား အဆင်ခြင်မဲ့ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံ (၁၆)နိုင်ငံ၏ သံရုံးများတောင်းဆို

စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှား အဆင်ခြင်မဲ့ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံ (၁၆)နိုင်ငံ၏ သံရုံးများတောင်းဆို
ဒီဇင်ဘာ 24, 2021 | နိုင်ငံတကာသတင်း

စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှား အဆင်အခြင်မဲ့ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်း၍  ပူးတွဲထုတ်ပြန်ချက်တစ်စောင်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ (၁၀) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့်  လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိမိတို့ကလည်း ထပ်တူတောင်းဆိုလိုက်သည်ဟုလည်း ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်တပ်က ယမန်နေ့ညက ကရင်ပြည်နယ် လေးကေ့ကော်ကို ညပိုင်းအချိန် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ ညတွင်းချင်း သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းဘက်သို့ တိမ်းရှောင်ကြရသည့်နည်းတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းတွင်လည်း လေကြောင်းမှ အရပ်သားကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံများမှ သံရုံးများမှ ချက်ချင်းထုတ်ပြန်တောင်းဆိုချက်များဖြင့် အာဏာသိမ်းအဖွဲ့၏လုပ်ရပ်များကို သတိပေးနေကြသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများအနေဖြင့် နှုတ်ဆိတ်နေလေ့ရှိသည်ကို တွေ့ရသည်။