မယ်ဆိုင်ဂူအတွင်း (၂) ပတ်ကျော်ကြာ ပိတ်မိခဲ့စဥ် သေကံမရောက်ခဲ့သည့် တောဝက်ဘောလုံးအသင်းမှ လူငယ်လေး အင်္ဂလန်တွင် ရုတ်တရက် ကွယ်လွန်

မယ်ဆိုင်ဂူအတွင်း (၂) ပတ်ကျော်ကြာ ပိတ်မိခဲ့စဥ် သေကံမရောက်ခဲ့သည့် တောဝက်ဘောလုံးအသင်းမှ လူငယ်လေး အင်္ဂလန်တွင် ရုတ်တရက် ကွယ်လွန်
ဖေဖော်ဝါရီ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း၊  မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ရေကြီးမှုကြောင့် သီတင်း (၂) ပတ်ကျော်ကြာ ပိတ်မိနေခဲ့စဥ် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေကံမရောက်ခဲ့သည့် တောဝက်ဘောလုံးအသင်းမှ လူငယ် (၁၃) ဦးအနက် တစ်ဦးဖြစ်သူမှာ အင်္ဂလန်နိုင်ငံတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ 

ဆယ်ကျော်သက် ဘောလုံးသမားလေး ဒွန်မ် (Duangphet "Dom" Phromthep) သေဆုံးမှု သတင်းကြောင့် သူငယ်ချင်းများနှင့် မိသားစုအတွက် ဝမ်းနည်းတုန်လှုပ်စရာ ဖြစ်ခဲ့ကြရသည်။

၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၏ ထိုင်းဒေသစံတော်ချိန် ညပိုင်းအထိ ထိုင်းသတင်းများအရ ဒွန်မ် သေဆုံးရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း မတော်တဆမှုကြောင့် သေဆုံးရသည်ဟုသာ သိရသည်။ 

အတည်မပြုနိုင်သော ဗြိတိန်သတင်းများကမူ ဒွန်မ်မှာ ဦးခေါင်းဒဏ်ရာရကြောင့် ကွယ်လွန်သွားခဲ့သည်ဟု ဖော်ပြသည်။ 

တောဝက်ဘောလုံးအသင်းမှ လူငယ်လေး ဒွန်မ်က အင်္ဂလန်နိုင်ငံ လက်စတာမြို့ရှိ Brooke House ကောလိပ် ဘောလုံးအကယ်ဒမီတွင် ၂၀၂၂ ခုနှစ်အတွင်း အားကစားပညာသင်ဆုရခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့က ၎င်း ကွယ်လွန်သွားကြောင်း သတင်းထွက်ပေါ်လာစဥ် ဆိုရှယ်မီဒီယာတွင် ဝမ်းနည်းကြေကွဲကြောင်း ရေးသားမှုအများအပြားဖြင့် လွှမ်းမိုးသွားခဲ့သည်။ 

Zico Foundation က ဒွန်မ်၏ ဓာတ်ပုံတစ်ပုံနှင့် ကွယ်လွန်သွားကြောင်း သတင်းကို အွန်လိုင်းတွင် ဖော်ပြခဲ့သည်။

 ဒွန်မ်မှာ Zico Foundation မှ ဘောလုံးအားကစားပညာသင်ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဒွန်မ်၏ မိခင်ဖြစ်သူက ဖေဖေါ်ဝါရီလ (၁၅) ရက် နံနက် (၆) နာရီဝန်းကျင်တွင် သူမ၏သား ကွယ်လွန်သွားကြောင်း ဖုန်းဆက်ပြောခဲ့သည်ဟု ချင်းရိုင်ရှိ Wat Phra That Doi Wao ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် Phra Khu Prayut Jetiyanukarn က မိန့်ခဲ့သည်။ 

ကနဦး သတင်းများအရ အမြင့်မှပြုတ်ကျသည့် မတော်တဆမှုတစ်ခုတွင် ဒွန်မ် ဒဏ်ရာရခဲ့သည်ဟု သိရှိရကြောင်း ဆရာတော်က မိန့်သည်။

ထို့နောက် ၎င်းကို ဆေးရုံတင်ခဲ့ပြီး အသက်ရှူစက်အကူဖြင့် ကုသခဲ့သော်လည်း နောက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

 ဒွန်မ်၏ မိသားစုက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် အသေးစိတ်ကို ထုတ်ပြန်သွားမည်ဟု Bangkok Post သတင်းက ထိုင်းဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၁၅) ရက် ညပိုင်းတွင် ဖော်ပြသည်။

အင်္ဂလန်တွင် ရုတ်တရက် ကွယ်လွန်သွားသည့် ဒွန်မ်မှာ တောဝက် (Wild Boars) ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်က ရေကြီးမှုကြောင့် ထမ့်လွမ်ဂူအတွင်း သီတင်း (၂) ပတ်ကျော်ကြာ ပိတ်မိခဲ့စဥ် ကမ္ဘာ့နိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့သည့်သတင်းကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြသည်။

Source: Bangkok Post