ဘီလ်ဂိတ်က ချမ်းသာကြွယ်ဝမှုများကို ပရဟိတအတွက် လှူဒါန်းပြီး အချမ်းသာဆုံး စာရင်းတွင် မပါဝင်လို 

ဘီလ်ဂိတ်က ချမ်းသာကြွယ်ဝမှုများကို ပရဟိတအတွက် လှူဒါန်းပြီး အချမ်းသာဆုံး စာရင်းတွင် မပါဝင်လို 
ဇူလိုင် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘီလ်ဂိတ်က ချမ်းသာကြွယ်ဝမှုများကို ပရဟိတအတွက် လှူဒါန်းပြီး အချမ်းသာဆုံး စာရင်းတွင် မပါဝင်လို 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် (၄) နေရာမှ ရပ်တည်နေသည့် Microsoft နည်းပညာကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က ၎င်း၏ ချမ်းသာကြွယ်မှုများကို ပရဟိတလုပ်ငန်းတွင် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အချမ်းသာဆုံးစာရင်း၌ မပါဝင်တော့ရန် ရည်ရွယ်ထားကြောင်း ပြောခဲ့သည်။ 

ဘီလ်ဂိတ်က ၎င်း၏ ချမ်းသာကြွယ်ဝမှုမှ အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံကို Bill and Melinda Gates Foundation ပရဟိတအဖွဲ့အစည်းအတွက် ထောက်ပံ့လှူဒါန်းသွားမည်ဟု ဆိုသည်။

ထိုပရဟိတအဖွဲ့အစည်းက ကပ်ရောဂါနှင့် ယူကရိန်းစစ်ပွဲ အပါအဝင် ကမ္ဘာတဝန်း စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ၎င်း၏အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေခဲ့သည်။ 

ကမ္ဘာ့အကြီးဆုံး ပရဟိတအဖွဲ့အစည်းများအနက် တစ်ခုအပါအဝင်ဖြစ်‌သော Bill and Melinda Gates Foundation က ကပ်ရောဂါမဖြစ်ပွားမီ အခြေအနေတွင် ၎င်း၏လှူဒါန်းငွေကို (၅၀) ရာခိုင်နှုန်း တိုးမြှင့်ရန်စီစဥ်ထားပြီး ၂၀၂၆ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ဒေါ်လာ (၆) ဘီလီယံနီးပါးမှ (၉) ဘီလီယံသို့ တိုးမြှင့်သုံးစွဲသွားမည်ဟု ဆိုသည်။

ဘီလ်ဂိတ်နှင့် ၎င်း၏ဇနီးဟောင်း မယ်လင်ဒါဖရန့်ဂိတ်တို့ တည်ထောင်ထားသည့် ပရဟိတအဖွဲ့အစည်းက အဓိကအားဖြင့် ကမ္ဘာ့ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်လှူဒါန်းခြင်း၊ ကျားမ တန်းတူရေးနှင့် ပညာရေးတို့ကို အာရုံစိုက်ခဲ့သည်။ 

ဘီလ်ဂိတ်နှင့် ၎င်း၏ဇနီးဟောင်း မယ်လင်ဒါတို့ နှစ်ဦးစလုံးက ၎င်းတို့၏ ချမ်းသာကြွယ်ဝမှု အများစုကို လွန်ခဲ့သည့် နှစ် (၂၀) တွင် အတူတကွ တည်ထောင်ခဲ့ကြသည့် Bill and Melinda Gates Foundation နှင့် အခြား ပရဟိတလုပ်ဆောင်မှုများသို့ လှူဒါန်းသွားမည်ဟု ကတိပြုထားခဲ့ကြသည်။

၎င်းတို့နှစ်ဦးက ၂၀၂၁ ခုနှစ် မေလအတွင်း ကွာရှင်းပြတ်စဲကြောင်း ကြေညာခဲ့ကြပြီး (၂) နှစ်ကြာ အစမ်းကာလအတွင်း အတူတကွ အလုပ်လုပ်ကိုင်နေမည်ဟု ပြောခဲ့ကြသည်။ 

(၂) နှစ်ပြည့်ချိန်တွင် မယ်လင်ဒါက နုတ်ထွက်ခဲ့ပြီး ခင်ပွန်းဟောင်း ဘီလ်ဂိတ်ထံမှ ငွေပမာဏတစ်ခု လက်ခံရယူခဲ့သည်။ 

ဘီလ်ဂိတ်က Bill and Melinda Gates Foundation ကို ဆက်လက် တာဝန်ယူဦးဆောင်ခဲ့သည်။

ခန့်မှန်းခြေ အသားတင် ချမ်းသာကြွယ်ဝမှု (၁၁၄) ဘီလီယံ ပိုင်ဆိုင်ထားသော ဘီလ်ဂိတ်က လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်း၏ နံပါတ် (၄) နေရာတွင် ရပ်တည်နေပြီး ၎င်း၏ ချမ်းသာကြွယ်မှု အများစုမှာ Microsoft ရှယ်ယာများနှင့် ဆက်စပ်နေကြောင်း Bloomberg သတင်းဌာန၏ Billionaire Index အရ သိရှိရသည်။ 

သို့သော် ဘီလ်ဂိတ်က အချမ်းသာဆုံးစာရင်း၏ ထိုအဆင့်နေရာတွင် အမြဲရှိနေရန် မရည်ရွယ်ထားဟု ဆိုသည်။

"ကျွန်တော် အဲဒီစာရင်းမှာ အောက်ကိုရွှေ့သွားပါမယ်။ နောက်ဆုံးမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းကနေ ကျွန်တော် ထွက်သွားမှာပါ" ဟု ဘီလ်ဂိတ်က ၎င်း၏ ဘလော့တွင် ဇူလိုင်လ (၁၃) ရက်နေ့က ရေးသားထားသည်။ 

"ကျွန်တော့်ရဲ့ ချမ်းသာကြွယ်ဝမှု အရင်းအမြစ်တွေကို ဘဝတွေ တိုးတက်ဖို့အတွက် အကြီးမားဆုံး အကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းများနဲ့ လူ့အဖွဲ့အစည်းကို ပြန်ပေးဖို့ ကျွန်တော့်မှာတာဝန်ရှိပါတယ်" ဟု ဘီလ်ဂိတ်က ပြောသည်။

#TachileikNewsAgency

Source: CNN