သျှမ်းဧကရာဇ်မြို့ရိုးကို ထိခိုက်မှုမရှိဘဲ မီတာ ၃၀ အကွာရှိ စစ်ကောင်စီဂိတ်စခန်းကိုသာ ရှင်းလင်းခြင်းဖြစ်ဟု TNLA ထုတ်ပြန်

သျှမ်းဧကရာဇ်မြို့ရိုးကို ထိခိုက်မှုမရှိဘဲ မီတာ ၃၀ အကွာရှိ စစ်ကောင်စီဂိတ်စခန်းကိုသာ ရှင်းလင်းခြင်းဖြစ်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စယ်လန့်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တပ်စွဲဂိတ်ဖွင့်ထားသည့်နေရာကို ရှင်းလင်းခြင်းဖြစ်ပြီး သျှမ်းဧကရာဇ် စဝ်ဆေခန်ဖလက်ထက် ရှေးဟောင်းမြို့ရိုးနေရာကို ရှင်းလင်းခြင်းမဟုတ်ကြောင်း TNLAက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်‌ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တပ်စွဲဂိတ်ဖွင့်ကာ ပြည်သူလူထုများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခံခြင်းများ ပြုလုပ်နေသည့်နေရာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မည်သည့်တပ်ဖွဲ့မှ ထပ်မံတပ်မစွဲစေရန် ယင်းကုန်းအား ဘူဒိုဇာဖြင့် မြေထိုးရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြေထိုးရှင်းလင်းခဲ့သောနေရာမှာ စယ်လန့်ကျေးရွာ၏ အရှေ့ဘက်တွင်ရှိပြီး ရှမ်းဧကရာဇ်မြို့ရိုးဟောင်းမှာ စယ်လန့်ကျေးရွာ၏ အရှေ့ဖက် ယခုရှင်းလင်းသည့်နေရာ၏ အရှေ့တောင်ဖက် မီတာ(၃၀)အကွာတွင်ရှိကာ မြို့ရိုးဟောင်းအား ထိခိုက်စေခြင်းမရှိဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဩဂုတ်လ (၁၆)ရက်နေ့တွင် သျှမ်းလူမျိုးတို့၏ ရှေးဟောင်းမြို့ရိုးကို TNLAက မြေတူးစက်ဖြင့် တူးထုတ်ဖျက်ဆီးမှုကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းနှင့် ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၄၀)က သဘောထားထုတ်ပြန်ခဲ့သေးသည်။

သျှမ်းဧကရာဇ် စဝ်ဆေခန်ဖလက်ထက်က ရှေးဟောင်းမြို့ရိုးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့ဝင်များက ဩဂုတ်လ (၇)ရက်နေ့ ညနေပိုင်းတွင် ဘူဒိုဇာဖြင့်ထိုး၍ ဖျက်ဆီးလိုက်သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဩဂုတ်လ (၁၆)ရက်နေ့တွင် အရပ်ဖက်အဖွဲ့ပေါင်း (၄၀)က ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် (၃)ဘာသာဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်လိုက်ပြီး အဆိုပါကိစ္စအား ဖြေရှင်းပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။

အဆိုပါ ရှေးဟောင်းမြို့ရိုးဖျက်ဆီးခံရမှုကို စိတ်မကောင်းကြီးစွာဖြစ်ရကြောင်းနှင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAက ဩဂုတ်လ (၁၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး တာဝန်ရှိသည့်အဖွဲ့အစည်းက ရှင်းလင်းပေးရန်ကိုလည်း တောင်းဆိုထားသေးသည်။

#TachileikNewsAgency