ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်အား စစ်ကောင်စီက အကျဥ်းထောင်မှ ခေါ်ထုတ်သွားပြီးနောက် ပစ်ခတ်သတ်ဖြတ်

ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်အား စစ်ကောင်စီက အကျဥ်းထောင်မှ ခေါ်ထုတ်သွားပြီးနောက် ပစ်ခတ်သတ်ဖြတ်

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျိုက်ဇကောအကျဉ်းထောင်တွင် မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်အား စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ဗကသရဲဘော် ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄)ဦးကို ၂၀၂၃ ခုနှစ် မေလ(၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ရာမှ ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ သတင်းပြန်ရချိန်တွင် ကျဆုံးသွားပြီ‌ဖြစ်ကြောင်း All Burma Federation of Student Unionsထံမှ သိရသည်။

ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဋ္ဌဖြစ်သူ ကိုခန့်လင်းနိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၂) ရက်နေ့တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀ (ည)နှင့် ၅၁ (ဂ)တို့နှင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ စည်းရုံးရေးမှူး ကိုနိုင်ထွန်းဦးကိုလည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် စစ်ကောင်စီတပ်သည် မုံရွာထောင်မှ ခေါ်ထုတ်သွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : All Burma Federation of Student Unions