စစ်မှုထမ်းဥပဒေ စတင်သက်ရောက်ကြောင်း ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်သူ (၇,၀၀၀) ကျော်ရှိ

စစ်မှုထမ်းဥပဒေ စတင်သက်ရောက်ကြောင်း ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်သူ (၇,၀၀၀) ကျော်ရှိ
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

မြန်မာနိုင်ငံတွင် ဥပဒေမဲ့ အာဏာသိမ်းထားသည့် စစ်အုပ်စုက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ ဗီဇာ လာရောက်လျှောက်ထားသည့် မြန်မာနိုင်ငံသား (၇,၀၀၀) ကျော်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများကို ကိုးကား၍ Bangkok Post သတင်းက ဖော်ပြထားသည်။



ထိုင်းသံရုံးက ဗီဇာအတွက် တိုကင်အ‌ရေအတွက်ကို (၂) ဆ တိုးပြီး တစ်နေ့လျှင် တိုကင် (၈၀၀) ပေးနေကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Kanchan Patarachoke က ဆိုသည်။ 

သံရုံးက တိုကင် (၄၀၀) နှင့် ကမ္ဘာတဝန်း သံတမန်ရေးမစ်ရှင်များက အသုံးပြုနေသည့် ဝန်ဆောင်မှုကုမ္ပဏီ VFS Global က တိုကင် (၄၀၀) ပေးနေကြောင်း သိရသည်။



တိုကင်ပေးထားမှုမှာ ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့အထိ ပြည့်နေပြီဖြစ်ပြီး ဗီဇာလျှောက်သူ အရေအတွက် ဆက်လက် မြင့်‌တက်နေမည်ဟု ခန့်မှန်းကြောင်း ထိုင်းသံရုံး၏ ပြောခွင့်ရ အမျိုးသမီးက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် ပြောသည်။ 

အာဆီယံ သဘောတူညီမှုအရ မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်သော်လည်း အများဆုံး (၁၄) ရက်သာ နေထိုင်နိုင်သည်ဟု သူမက ဆိုသည်။



မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သော လူငယ်များကို ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟု ကြေညာလိုက်ရာ တစ်နိုင်ငံလုံး စိုးရိမ်ပူပန်မှုများရှိနေပြီး နိုင်ငံသားများ ထောင်နှင့်ချီ၍ နိုင်ငံမှထွက်ခွာရန် အပူတပြင်း ကြိုးပမ်းလာကြခြင်း ဖြစ်သည်။



စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ်မှ (၃၅) နှစ်အထိ အမျိုးသားများနှင့် အသက် (၁၈) နှစ်မှ (၂၇) နှစ်အထိ အမျိုးသမီးများ အနည်းဆုံး (၂) နှစ်ကြာ စစ်မှုထမ်းရမည် ဖြစ်သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ (၁၃) သန်းခန့်ရှိပြီး တစ်နှစ်လျှင် (၅၀,၀၀၀) ကို ဆင့်ခေါ်နိုင်ကြောင်း စစ်အုပ်စုပြောခွင့်ရက ပြောထားသည်။

Source: Bangkok Post