နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းမကျရေး စစ်ကောင်စီတပ်က အင်အားဖြည့်တင်း 

နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းမကျရေး စစ်ကောင်စီတပ်က အင်အားဖြည့်တင်း 
ဒီဇင်ဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စခန်းသစ်တပ်စခန်းကုန်း မကျဆုံးရေး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း TNLAထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လက်နက်ကြီး၊ လေကြောင်းတို့မှ နေ့စဥ် ဗုံးအလုံးရာချီ အသုံးပြုတိုက်ခိုက်နေပြီး စစ်ရေးပစ်မှတ်မဟုတ်သော နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း ပစ်ခတ်နေသည်ဟု သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သင်္ချိုင်းကုန်းနှင့် ကွန်လုံကျေးရွာ ဘောလုံးကွင်းဘက်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် လူအင်အား (၁၀၀)နီးပါး (၃)ကြိမ် လာရောက်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ယင်းနေ့ စခန်းသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၁၀)ကြိမ်၊ Mi35 ဖြင့် (၁၂)ကြိမ်နှင့် Y12ဖြင့် (၆)ကြိမ် ဗုံး(၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်၊ စခန်းသစ်တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအဖြစ် Jet Fighterဖြင့် (၂၂၁)ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် (၆၂)ကြိမ်၊ Mi35ဖြင့် (၁၇)ကြိမ်၊ စစ်ကောင်စီ မန်တတ်တပ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၃၅၀)ကြိမ် ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့ကို TNLAက ထိန်းချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် အဆိုပါ စခန်းသစ်ကုန်းတစ်ခုသာ နမ့်ခမ်းမြို့တွင် ရှိတော့သည်ဟု သိရသည်။

#TachileikNewsAgency