ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီတပ်ဗုံးကြဲ ဒီးမော့ဆို-ဖရူဆိုလမ်းတလျှောက် စစ်ရေးတင်းမာနေ

ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီတပ်ဗုံးကြဲ ဒီးမော့ဆို-ဖရူဆိုလမ်းတလျှောက် စစ်ရေးတင်းမာနေ
သြဂုတ် 18, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား ၂၀၂၃ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF ဗဟိုက ယနေ့ ဩဂုတ်လ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် တိုက်ပွဲမဖြစ်သော ကျေးရွာတွင်းရှိ "သနားခြင်းမယ်တော်" ဘုရားကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲခံရသဖြင့် ဘုရားကျောင်းအဆောက်အဦးအပြင် ဘုရားကျာင်းဝန်းအတွင်းရှိ အခြားအဆောက်အဦးများ၊ ခြံစည်းရိုးအုတ်တံတိုင်းများ ထိခိုက်ပျက်ဆီးခဲ့ရရကြောင်း သိရသည်။ 

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ(၅၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ(၂)ရက်နေ့မှစ၍  (၁၄)ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာများ တလျှောက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ အချိန်မရွေးတိုက်ပွဲမဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo :Karenni Nationalities Defense Force-KNDF B-10