ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များ ဝင်တိုက်ရာ စစ်ကောင်စီတပ်နှင့် BGF တပ်သား အများအပြားသေ

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များ ဝင်တိုက်ရာ စစ်ကောင်စီတပ်နှင့် BGF တပ်သား အများအပြားသေ
မတ် 26, 2023 | 2021 Military Coup

 ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရဲစခန်း အပါအဝင် ခမရ ၅၄၅၊ ၅၄၆  ၊ ကျုံဒိုးဗျူဟာကုန်းနှင့် ဂျိုင်းတံတားအနီး တပ်စွဲထား‌သည့် အာဏာသိမ်း စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် ပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များ၊ Fixed Wing Drone များ၊ Sniper များဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူအဖြစ် အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ Mi35P ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များနှင့် BGF ဘက်မှ (၁၅)ဦးထက် မနည်းသေပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကာ ပူးပေါင်းတပ်များဘက်ကလည်း ဒဏ်ရာရသူများရှိသည်ဟု ဂဠုန်စစ်ကြောင်းက ယနေ့ မတ်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲကို ဂဠုန်စစ်ကြောင်း၊ ကျားဖြူတပ်ခွဲ(၃)၊ Lion Battalion နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း နှင့် စစ်ကောင်စီတပ်များသည် ယနေ့ မတ်လ (၂၆)ရက်နေ့၏ နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကာ တိုက်ပွဲများဆက်ဖြစ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: ဂဠုန်စစ်ကြောင်း