ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်၏ ထင်ရာစိုင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ၏ လုပ်ငန်းများ နှင့် နေအိမ်များ ထိခိုက် ပျက်စီး

ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်၏ ထင်ရာစိုင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ၏ လုပ်ငန်းများ နှင့် နေအိမ်များ ထိခိုက် ပျက်စီး
စက်တင်ဘာ 9, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့၊ ငွေတောင်လမ်းဘေးတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ ညပိုင်းက ထင်ရာစိုင်း ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ၏ လုပ်ငန်း(ဆိုင်)များ နှင့် အိုးအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်အင်အားများ အဆမတန်ဖြည့်တင်းထားပြီး ရှမ်း - ကယားနယ်စပ်တွင် နေ့စဉ် နီးပါး ထိုးစစ်ဆင်နေသလို လွိုင်ကော် နှင့် ဒီးမော့ဆို ဒေသများတွင်လည်း နေ့စဉ်နီးပါး ခြောက်လန့် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် တိုက်ပွဲများမှာ ပို၍ပြင်းထန်လာနိုင်ကြောင်းလည်း သိရသည်။

စစ်တပ်ကတော့ သိတဲ့အတိုင်းပဲ။ တခုခုဆိုတာနဲ့ ကလေးတွေ လူကြီးတွေ ထိချင်ထိ ထင်ရာစိုင်း ရမ်းသမ်းပစ်ခတ်တော့တာ။ ပြည်သူ ထိခိုက်တာကို မစဉ်းစားပေးဘူး။ သူတို့ ဖြစ်ချင်တာ မဖြစ်ရင်။ သူတို့ နည်းနည်းအထိနာရင် မြင်သမျှကို PDF လို့ သတ်မှတ်ပြီး ရမ်းသမ်းပစ်ခတ်နေတာ။ ညကလည်း အဲ့လိုပစ်လို့ ပျက်စီးမှုတွေ များခဲ့ရတယ်

ဟု ဒီးမော့ဆို ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်တွင်း တိုက်ပွဲများစိပ်လာနိုင်သဖြင့် မိမိတို့လုံခြုံရေးအတွက် ပြင်ဆင်ထားကြရန်နှင့် မိမိဝန်းကျင်မှ သတင်းပေးဒလန်များကို သတိထားကြရန်လည်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ပြည်သူများသို့ အသိပေးချက်အား ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

 

#TachileikNewsAgency

Photo: PKPF