စစ်ကူမလာနိုင်သဖြင့် လေယာဉ်ဖြင့် လာချပေးသည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို PDF တပ်များသိမ်းဆည်းရရှိ

စစ်ကူမလာနိုင်သဖြင့် လေယာဉ်ဖြင့် လာချပေးသည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို PDF တပ်များသိမ်းဆည်းရရှိ
နိုဝင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်ချမ်းသာရဲစခန်းအား လေယာဉ်ဖြင့် လာချပေးသည့် ဆန်နှင့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိထားကြောင်း မြေပြင်ရှိ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ကစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့တွင် စစ်ကူမလာနိုင်သဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများအား လေယာဉ်ဖြင့် လာချပေးစဉ် တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲ မပြီးသေးဘူးဗျ။ အောင်ချမ်းသာရဲစခန်းကို သိမ်းနေတာပါ။ (၂)ရက်နေ့ထဲကပေါ့။ သူတို့ကို စစ်ကူမလာနိုင်တော့ လေကြောင်းကနေ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လာချတာပါ။ PDF အဖွဲ့တွေ ရလိုက်တဲ့သဘောပါ။"ဟု တော်လှန်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းများဘက်ကမူ သိမ်းဆည်းရရှိသည့် ရိက္ခာနှင့် လက်နက်စာရင်းများအား ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency