လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်သေဆုံး

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်သေဆုံး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနှင့် စမ်းလှန်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းအတွက် ရိက္ခာတင်ဆောင်လာသည့် ကားတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ယမန်နေ့ ဩဂုတ်လ (၆)ရက်နေ့တွင် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းများအတွက် ထားဝယ်မြို့မှ ရိက္ခာသည်လာသည့်ကားကို ယင်းနေ့နေ့လည်ပိုင်းတွင် တားဆီးစစ်ဆေးရာ မရပ်ပဲ LLPDF ရဲဘော်များအား ကားနှင့်တိုက်၍ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် မောင်းပြေးသွားသောကားသည် အင်းဇောက်ကျေးရွာလမ်းစုံအနီးရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက်ပြီး ထိုးရပ်သွား၍ ဆိုင်အနောက်ဘက်သို့ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည်ကိုတွေ့ရှိသဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားများနှင့်အတူ ကြောက်လန့်တကြားပြေးခဲ့သည့် အရပ်သားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

“ပစ်တ်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသူမှာ ဘိလိယက်ခုံသို့လာရောက်သည့် ပြည်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်သားများ ဆိုင်အတွင်း ဝင်ရောက်လာချိန် ပြေးကြရန်ပြောဆိုမှုအား ဘိလိယက်ခုံတွင်ရှိသော ပြည်သူ(၁၀)ဦးခန့်ထဲမှ တစ်ဦးသည် စစ်ကောင်စီတပ်သားများနှင့်အတူ ကြောက်လန့်တကြား ထွက်ပြေးရာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့ရသော ပြည်သူတစ်ဦးအား LLPDFမှ ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းခဲ့ရပြီး တာဝန်ခံမှုရှိစွာဖြင့် တာဝန်ယူသွားမည်ဖြစ်ကြောင်း”အသိပေး ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ကား(၂)စီး အင်အား(၄၀)ဝန်းကျင်အပြင် လောင်းလုံးမြို့မရဲစခန်းမှ ကား(၃)စီး အင်အား(၃၀)ဝန်းကျင်ဖြင့် အင်းဇောက်ကျေးရွာကို လာနေခြင်းကြောင့် ပြန်လည်ဆုတ်ခွါခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က နှစ်နာရီကြာ ခရီးသွားများအားစစ်ဆေးခြင်း၊ လွတ်မြောက်သွားသော ၎င်းတို့စစ်ကောင်စီတပ်သားများကို ရှာဖွေခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo : LLPDF