ကျောက်မဲမြို့အတွင်း တိုက်ပွဲဖြစ်ပြီး တိုးဂိတ်၊ ဆီဆိုင်နှင့် ကုန်တင်ကားတချို့ လက်နက်ကြီးထိမှန်ပျက်စီး

ကျောက်မဲမြို့အတွင်း တိုက်ပွဲဖြစ်ပြီး တိုးဂိတ်၊ ဆီဆိုင်နှင့် ကုန်တင်ကားတချို့ လက်နက်ကြီးထိမှန်ပျက်စီး
နိုဝင်ဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်း ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ ညနေပိုင်းကစတင်ကာ တိုက်ပွဲများပြင်းထန်ပြီး အေးရှားဝေါတိုးဂိတ်၊ ဆီဆိုင်၊ အဆောက်အဦးနှင့် ကုန်တင်ကားတချို့ ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်များရှိသည့် အေးရှားဝေါတိုးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ပစ်ခတ်သံတချို့ ကြားရကာ အေးရှားဝေါတိုးဂိတ်၊ Regencyဆီဆိုင်၊ အဆောက်အဦးနှင့် ကုန်တင်ကား(၂)စီးတို့ လက်နက်ကြီးထိမှန် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းနေ့ နံနက်ပိုင်းကလည်း ကျောက်မဲမြို့နယ် နားခေါ်၊ ကောင်းမူးလိန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်တစ်လက်နှင့် ခဲယမ်းများကို TNLAက သိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် ယင်းနေ့တွင်ပင် ကျောက်မဲမြို့နှင့် လားရှိုးကြားရှိ ခုတန်စေတီကုန်း High Pointတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့နိုင်ခဲ့သည်ဟု TNLAထံမှ သိရသည်။

#TachileikNewsAgency

Photo :CJ