စစ်ကောင်စီတပ်ကြောင့် ကရင်နီနှင့် မိုးဗြဲမြို့တို့တွင် ဇွန်လအတွင်း အရပ်သားပြည်သူ သုံးဆယ်ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီတပ်ကြောင့် ကရင်နီနှင့် မိုးဗြဲမြို့တို့တွင် ဇွန်လအတွင်း အရပ်သားပြည်သူ သုံးဆယ်ကျော် သေဆုံးခဲ့ရ
ဇူလိုင် 5, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တို့တွင် စစ်ကောင်စီတပ်ကြောင့် ဇွန်လအတွင်း အရပ်သား (၃၃)ဦး သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သား အမျိုးသား(၂၀)ဦး၊ အမျိုးသမီး (၃)ဦးနှင့် အသက်(၁၀)နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီး ထိမှန်မှုကြောင့် မိုးဗြဲမြို့တွင် (၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၁)ဦးနှင့် လွိုင်ကော်မြို့ နယ်တွင်(၁)ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် (၁)ဦးနှင့် ဖားဆောင်းမြို့နယ်တွင် (၄)ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။

ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး မယ်စဲ့၊ ဖားဆောင်းနှင့် ရွာသစ်မြို့နယ်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မှ စစ်ကောင်စီ၏တပ်စခန်းများဖြစ်သော BP-13 စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ်တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA၊ ကလလတ၊ KNDFနှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဇွန်လ တစ်လတာအတွင်း စစ်ကောင်စီတပ်သား (၅၀)နီးပါးသေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များဘက်ကလည်း ထိခိုက်ကျဆုံးသူရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency