စဉ့်ကိုင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ရွာမှ အိမ်မွေးတိရိစ္ဆာန်များနှင့် ပစ္စည်းများ ယူကာထွက်သွား

စဉ့်ကိုင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ရွာမှ အိမ်မွေးတိရိစ္ဆာန်များနှင့် ပစ္စည်းများ ယူကာထွက်သွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စဉ့်ကိုင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ရွာမှ အိမ်မွေးတိရိစ္ဆာန်များနှင့် ပြည်သူပိုင်ပစ္စည်များကို ယူဆောင်ကာ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် သံခွံမော်တော်ဖြင့် အထက်သို့ ဆန်တက်သွားကြောင်း People's Servant Revolution – Wetletထံမှ သိရသည်။

ယမန်နေ့က တလိုင်းရွာကိုဝင်စီးပြီး ဒေသခံများအား ဖမ်းဆီးပစ်သတ်သွားသည့် စစ်ကောင်စီတပ်နှင့် ဝက်လက်နယ် စဉ့်ကိုင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့သည် စဉ့်ကိုင်ကျေးရွာရှိ နွား၊ ဆိတ်၊ ဝက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ကာ သံခွံမော်တော်ဖြင့် အထက်သို့ ဆန်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာရာ သံဃာတစ်ပါးနှင့် ကလေးတစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီး ပစ်သတ်ခံရသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအိပ်နေချိန်ဖြစ်၍ ရွာဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၊ (၈)လသား ကလေးတစ်ဦးနှင့် မိခင်ဖြစ်သူ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၆၅)နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ရကာ မြေပြင်စစ်ကြောင်း၏ ဖမ်းဆီးမှုခံရပြီး တလိုင်းရွာသားတစ်ဦး ရွာအတွင်း၌ ပစ်သတ်ခံရသည်ဟု Sagain District Medical Teamထံမှ သိရသည်။

တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းတွင် စဉ့်ကိုင်နှင့် တလိုင်းရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချသွားပြီးနောက် ရေကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကလည်း တလိုင်းရွာကို  ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :ယမန်နေ့က စစ်ကောင်စီတပ်များ ဗုံးကြဲတိုက်ခိုက်ကာ စစ်ကြောင်းထိုးခံရသည့် တလိုင်ရွာ ပျက်စီးမှုမြင်ကွင်း