စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် MoU လုပ်ငန်းများကို ယာယီရပ်ဆိုင်း

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် MoU လုပ်ငန်းများကို ယာယီရပ်ဆိုင်း
ဖေဖော်ဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU)နှင့်ပို့ဆောင်နေသည့်လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီလအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စစ်ကောင်စီက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံ အကြောင်းကြားထားသည်ဟု သိရသည်။  

စစ်ကောင်စီ၏ နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို အတိတကျ မသိရဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

“မနေ့ကစပြီးပိတ်လိုက်တာ။ သူကဘယ်နေ့ပြန်ဖွင့်မလဲ အတိအကျမသိဘူး။ အလုပ်ခေါ်စာက မပိတ်ဘူး။ မြန်မာနိုင်ငံက စေလွှတ်ခွင့်ပိတ်တာ။ နိုင်ငံခြားကခေါ်တယ်။ ဒီကမလွှတ်တာဗျာ။ ဒီလိုအခြေအနေနဲ့ကတော့ အောက်လမ်းကသွားမယ့်သူတွေ များလာလိမ်မယ်။”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agencyကိုပြောသည်။

မြန်မာအလုပ်သမားများအား ပြည်ပနိုင်ငံသို့ စေလွှတ်ခွင့်ပိတ်လိုက်ခြင်းသည် ပြည်ပနိုင်ငံတိုင်းကိုဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Tachileik News Agencyအနေဖြင့် ထိုင်းနှင့် မလေးရှားကိုသာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိထားရသည်။

စစ်ကောင်စီ၏ အေဂျင်စီများထံ ပေးပို့စာတွင်  ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် လချုပ်စာရင်းများကို တောင်းခံနေသည်ဟုလည်း သိရသည်။

 

နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့်  Overseas Worker Identification Card(OWIC)ကဒ် မဖြစ်မနေလုပ်ရမည်ဖြစ်သော်လည်း လက်ရှိတွင် အလုပ်သမားများအနေနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးသည့် စလစ်တစ်ခု ထပ်မှန်ဖြည့်ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် မှတ်ပုံတင်(မူရင်း)ကို ယူဆောင်လာရပြီး လဝကတွင် ရှိနေသည့် အချက်အလက်နှင့် တိုက်ကြည့်စစ်ဆေးမည်ဖြစ်ကာ အချက်အလက်အမှားတစ်စုံတစ်ရာရှိပါက OWICကဒ် လုပ်ပေးမည် မဟုတ်ဟုလည်း သိရသည်။ 

 

လက်ရှိတွင် ထိုင်းနိုင်ငံသို့ထွက်မည့် မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားမှုများသဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက တစ်ရက်လျှင် လူဦးရေ(၄၀၀)နှုန်းသာ ထုတ်ပေးမည်ဟု ကြေငြာထားသည်။

 

လက်ရှိတွင် အခကြေးငွေယူပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ပွဲစားများအနေဖြင့် ဝန်ဆောင်ခများ မတရားရယူခြင်း၊ လူကုန်ကူးခံရခြင်း၊ လမ်းတစ်ဝက်တွင် စွန့်ပစ်ခံရခြင်းများပင်ရှိနေကြောင်း သိရသည်။

ပြည်ပသို့အလုပ်သမားစေလွှတ်ခြင်းအား စစ်ကောင်စီက ပိတ်ပင်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ Tachileik News Agency ကထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency