စစ်တွေမြို့၌ ALP ပါတီဝင် (၆)ဦး ပစ်ခတ်ခံရကာ (၃)ဦးသေ

စစ်တွေမြို့၌ ALP ပါတီဝင် (၆)ဦး ပစ်ခတ်ခံရကာ (၃)ဦးသေ
ဇူလိုင် 1, 2023 | 2021 Military Coup| အတွေးအမြင်

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်နှင့် မင်းဂံရပ်အကွက် (၃)အကြား ရထားလမ်းပတ်ဝန်းကျင်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ နေ့လည်ပိုင်းက ALPပါတီဝင် (၆)ဦး ပစ်ခတ်ခံရပြီး (၃)ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

ပါတီဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှ ပါဂျဲရိုးကားဖြင့် ထွက်လာစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကာ (၃)ဦးသေဆုံးပြီး (၃)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး သေဆုံးသူများမှာ မည်သည့်ရာထူးများဖြစ်သည်ကိုမူ မသိရသေးပါ။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ရဲများရောက်လာပြီး လုံခြုံရေးတင်းကြပ်ခဲ့ကာ ‌အခင်းဖြစ်ပွားရာ‌ နေရာအနီးတွင် အမှတ်(၃၆) ရဲတပ်ရင်း ရှိသည်ဟုလည်း ဒေသခံများက Tachileik News Agencyကို အတည်ပြုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရန် စီစဉ်နေသဖြင့် ယင်းသို့ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက Tachileik News Agencyကို မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ကလည်း စစ်တွေမြို့ ဝေသာလီကွင်းတွင် ပြုလုပ်သည့် လွတ်လပ်ရေးအခမ်းအနားမှ ကားဖြင့်ပြန်လာသည့်  ALPပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် တပ်မှူး(၃)ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသေးသည်။

ALPပါတီသည် ဇွန်လ(၂၆)ရက်နှင့် (၂၇)ရက်တို့တွင် နေပြည်တော်၌ စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သေးသည်။

#TachileikNewsAgency

Photo : ALP ပါတီဝင်များအားတွေ့ရစဉ်(ပုံဟောင်း)