မိုးကုတ်မြို့တွင် ကျောက်မျက်လုပ်ကွက်‌များ တူးဖော်လုပ်ကိုင်နိုင်ရန် လျှောက်ထားနိုင်ကြောင်း NUG က အသိပေး ကြေညာ 

မိုးကုတ်မြို့တွင် ကျောက်မျက်လုပ်ကွက်‌များ တူးဖော်လုပ်ကိုင်နိုင်ရန် လျှောက်ထားနိုင်ကြောင်း NUG က အသိပေး ကြေညာ 
ဖေဖော်ဝါရီ 23, 2023 | 2021 Military Coup

 မန္တလေး၊ မိုးကုတ်မြို့၊ ဘောလုံးကြီးရပ်ကွက်မှ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များကို (၁၀)နှစ် လုပ်ကိုင်ခွင့်ဖြင့် ‌လုပ်ငန်းရှင်များ လျှောက်ထားရယူနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် လုပ်ငန်းရှင်များ ပါဝင်နိုင်ရန်နှင့် ဘောလုံးကြီးကွက်ရပ်မှ ထွက်ရှိသည့် နာမည်ကျော် ပတ္တမြားဂေါ်ကြိုးကို တူးဖော်ရယူနိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရ သည်။

၎င်းကွက်ရပ်မှ ပတ္တမြားတာပလာ၊ ပတ္တမြားလုံးချောနှင့် ပတ္တမြားပုံဆောင်ခဲ၊ နီလာနှင့် အညံ့ပန်း၊ ဂေါ်မိတ်နှင့် သလင်း၊ ပိန်းနိုက် နှင့် ရှားပါးကျောက်မျက်ရတနာများလည်း ထွက်ရှိကြောင်း သိရသည်။

တူးဖေါ်မှုစနစ်များမှာ ဟင်းလင်းဖွင့်စနစ်၊ မျောတွင်းနှင့် လေးပင်တွင်းစနစ်များဖြင့် အသုံးပြုတူးဖော်နိုင်ပြီး ဘောလုံးကြီးကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သည့် စုစုပေါင်းလုပ်ကွက် (၅)ကွက်အား ဖေါ်ထုတ်ပေးထားကြောင်း သိရသည်။

လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများအ‌နေဖြင့် www.earlypartnership.org/booking တွင် ဝင်ရောက်စာရင်းသွင်းနိုင်ကာ အသေးစိတ် အချက်အလက်များအား https://www.earlypartnership.org/mogok တွင်ဖတ်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးကုတ်ရှိ သူရိန်တောင်တွင် စုစုပေါင်းလုပ်ကွက် (၈)ကွက် ဖေါ်ထုတ်ပြီး ကျောက်မျက်ထုတ်လုပ်ခွင့်ကာလကို လုပ်ငန်းစတင်ချိန်မှစ၍ ( ၁၀ ) နှစ်အထိလုပ်ကိုင်ခွင့်ဖြင့် ရောင်းချပေးခဲ့သေးသည်။

သူရိန်တောင်တွင် အရည်အသွေးအမြင့်ဆုံးနီလာများနှင့် ရောင်စုံနီလာများ၊ အပြာရောင်သန်းသည့် အစိမ်းရောင်နီလာ၊ ရောင်ပြောင်းနီလာနှင့် ပိန်းနိုက်ကြောင်မျက်လုံး၊ ပိန်းနိုက်ပုံဆောင်ခဲနှင့် ဘက်ဒလေရိုက်ပုံဆောင်ခဲများ ပတ္တမြား၊ ငုပဆစ်၊ ရှားပါးကျောက်မျက်များဖြစ်သည့် အနာတေ့စ်၊ ဘတ်ဒလေရိုက်၊ အက်ဇီနိုက်၊ အယ်လ်ဘိုက်နှင့် မဟူရာ၊ ဒရာဗိုက်၊ ဂေါ်မိတ် အပါအဝင် အခြားအဖိုးတန်ကျောက်မျက်များ ထွက်ကြောင်း သိရသည်။