ကောလင်းအရှေ့ခြမ်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

ကောလင်းအရှေ့ခြမ်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ်(၁) တပ်ရင်းမှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် (၅)နာရီခန့်မှစတင်ပြီး ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် နေ့လယ်(၁၂) နာရီခန့်တွင် ကောလင်းမြို့အတွင်းမှ စစ်ကူ အင်အား ၈၀ ခန့် ရောက်ရှိလာခဲ့ပြီး ဝန်းသိုရှိစစ်ကောင်စီတပ်ရင်းမှလည်း ဟောင်ဝှစ်ဇာပစ်ကူ၊ ဒရုန်းဗုံးသီးများချ၍ ပစ်ကူပေးကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တံဇူးဘက်သို့တိုးလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ရေရှည်တောင့်မခံနိုင်ဘဲ ညနေ ၆ နာရီခွဲခန့်တွင် ဒဏ်ရာရစစ်သားများအား ထမ်းပိုးကာ ကောလင်းမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီအလောင်း (၈) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency