H3N8 ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် အမျိုးသမီး တစ်ဦး သေဆုံး

H3N8 ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် အမျိုးသမီး တစ်ဦး သေဆုံး
By Mr John

 တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးတစ်မျိုးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းမှာ ကမ္ဘာ့ပထမဆုံးဖြစ်စဥ် ဖြစ်လာခဲ့ပြီး လူသားများတွင် ထိုသို့ သေဆုံးမှုမျိုး ရှားပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။ 

တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှ အသက် (၅၆) နှစ်အရွယ် အမျိုးသမီးမှာ H3N8 ကြက်ငှက်တုပ်ကွေး အမျိုးအစားကွဲ ကူးစက်ခံရသည့် တတိယမြောက် လူပုဂ္ဂိုလ်ဖြစ်ခဲ့ကြောင်း WHO က ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက် နှောင်းပိုင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

လူသားများတွင် H3N8 ကြက်ငှက်တုပ်ကွေး ကူးစက်မှုအားလုံးကို တရုတ်နိုင်ငံတွင် တွေ့ရှိရခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ်အတွင်းကလည်း ကူးစက်မှု (၂) ခုဖြစ်ပွားခဲ့သေးသည်။ 

ယခု တတိယမြောက် ကူးစက်ခံရသူကို ၂၀၂၃ ခုနှစ် မတ်လနှောင်းပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း ဂွမ်ဒေါင်းပြည်နယ် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့သလို သေဆုံးသူ အမျိုးသမီးမှာ ရောဂါအခံများရှိသူဖြစ်ကြောင်း WHO က ပြောခဲ့ပြီး ကြက်အရှင်များနှင့် ထိတွေ့မှုရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီး နေမကောင်းဖြစ် မလာမီ ၎င်းသွားရောက်ခဲ့သည့်ဈေးရှိ ကြက်များထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ Infludenza A(H3) ကြက်ငှက်တုပ်ကွေး ကူးစက်မှုတွေ့ရကြောင်းနှင့် ထိုဈေးမှာ ကူးစက်မှုအရင်းအမြစ်ဟု ယူဆရကြောင်း WHO က ပြောသည်။

H3N8 ကူးစက်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသမီးနှင့် အနီးကပ် ထိတွေ့မှုရှိသူများတွင် ကူးစက်ခံရမှု မတွေ့ရကြောင်း WHO က ပြောသည်။ 

ရရှိနိုင်သည့် အချက်အလက်များအရ ထိုဗိုင်းရပ်စ်မှာ လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ခြင်း မရှိသည့်အတွက်  နိုင်ငံအလိုက်၊ ဒေသအလိုက်နှင့် နိုင်ငံတကာတွင် လူအများကြား ကူးစက်ပျံ့နှံ့နိုင်မှုအန္တရာယ် နည်းပါးသည်ဟု ယူဆရကြောင်း  WHO က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကြီးမားသော ကြက်မွေးမြူရေးခြံများနှင့် တောရိုင်းငှက်များတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ဆက်တိုက် ပျံ့နှံ့နေသည့် တရုတ်နိုင်ငံတွင် လူများတွင်လည်း ကြက်ငှက်တုပ်ကွေး ကူးစက်မှုများ တွေ့ရလေ့ရှိသည်။ 



H3N8   ကြက်ငှက်တုပ်ကွေးမှာ လူများတွင် ကူးစက်မှုရှားပါးသော်လည်း ငှက်များတွင်မူ ကူးစက်ဖြစ်ပွားလေ့ရှိပြီး အခြား နို့တိုက်သတ္တဝါများတွင်လည်း ကူးစက်မှုရှိကြောင်း သိရသည်။ 



Source: Reuters